ကြံခင်းမြို့

July 21, 2021

ပုသိမ်ထောင်တွင် အကျဉ်းကျနေသည့် CDM ရဲ ၂ ဦး ပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံ တရားစွဲခံရ

စစ်တပ်အာဏာမှုကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းမြို့က ရဲဝန်ထမ်း ၂ ယောက်ဟာ  ပုသိမ်ထောင်ထဲမှာ ၁ နှစ်စီပြစ်ဒဏ်ကျခံနေရချိန် ထပ်မံပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံ ထားရပါတယ်။

ထောင်အပြစ်ဒဏ်ကျခံနေရတဲ့ ရဲဝန်ထမ်း ၂ ယောက်ဟာ ဖျားနာနေတဲ့အပြင်   ဇူလိုင်လပထမပတ်က ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံတရားစွဲဆိုပြီး ရုံးထုတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

"ပုဒ်မ ၅၀၅ (က)နဲ့ တရားထပ်စွဲထားတယ်။ ကလေးတွေ ဖျားနေတာကို ထပ်ပြီး ရုံးထုတ်တယ်ကြားတယ်။ ပြီးတော့ အပြင်ဆေးခန်းပေးပြတာမျိုးမရှိသေးဘူး၊ တစ်ခါမှလည်း ထောင်ဝင်စာမတွေ့ရဘူး''လို့ မိသားစုဝင်က ပြောပါတယ်။

ရဲဝန်ထမ်း ၂ ဦး တရားစွဲခံရတာကို ပထမအကြိမ်ရုံးထုတ် စစ်ဆေးခဲ့တာနဲ့ နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးဖို့အကြောင်းကို ထောင်အရာရှိတစ်ဦးက မိသားစုကိုဆက်သွယ်ပြောဆိုခဲ့ပေမယ့် ဒီသတင်းကို တခြားသူတွေကို မပြောဖို့တားခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ကျခံနေရတဲ့ ရဲဝန်ထမ်း ၂ ဦးရဲ့ဖခင်ဟာလည်း အုပ်ချုပ်ရေးမှူးဟောင်းဖြစ်လို့ နုတ်ထွက်တာကြောင့် ဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ 

ထောင်ကျခဲ့တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေသူတွေလည်း ဖြစ်ပါတယ်။

6 months Ago

June 19, 2021

ကြံခင်းမြို့ ၌ ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ နှင်းဆီပန်း ဝယ်မရတော့သည်အထိ ရောင်းကောင်း

ဇွန်လ ၁၉ ရက်​နေ့မှာ လူထု​ခေါင်း​ဆောင် ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့အထိမ်းအမှတ် အဖြစ်  ပန်းသပိတ်လူထုလှုပ်ရှားမှုတွေနိုင်ငံတဝန်း ပြုလုပ်နေကြရာမှာ ဧရာဝတီတိုင်း  ကြံခင်း မြို့နယ်မှာတော့  နှင်းဆီပန်းတွေ ဝယ်မရတော့တဲ့အထိ အခြေအနေဖြစ်​ခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ကြံခင်းမြို့ခံတစ်ဦးက​ "ဒီ​နေ့ ​ဒေါ်​အောင်ဆန်းစုကြည် ၇၆ နှစ်​မြောက်​မွေး​နေ့မှာ ကြံခင်းမြို့မ​စျေးက  စျေးသူ​စျေးသားတွေ၊ လူငယ်​တွေက ပန်းသပိတ်လုပ်ပြီး အ​မေ့​မွေး​နေ့ကို ဂုဏ်ပြုကြပါတယ်။ ဘုရား​ပန်းကပ်ပြီး ဆု​တောင်းတာ​တွေ အလှူအတန်းလုပ်တာတွေ၊ ဘုန်းကြီး​ကျောင်း​တွေကို ဆွမ်းချိုင့်ပို့တာ​တွေ၊ ကုသိုလ်​ကောင်းမှု လုပ်လာတာ​တွေ ​တွေ့ရပါတယ်"လို့  ပြောပါတယ်။

ဒါ့အပြင် ဒေါ်​အောင်ဆန်းစုကြည်လွတ်​မြောက်ဖို့ ပြည်သူအားလုံးက ​တောင်းဆိုသလို  သူ ပန်းပန်သလို ဒီ​နေ့ အားလုံး ထူးထူးခြားခြား ပန်းပန်တာတွေ့ရ​ကြောင်းလည်း ဒေသခံက ပြောပါတယ်။

7 months Ago
Up