ကြေးရုပ်တုဖွင့်လှစ်

November 27, 2019

မန်ချက်စတာမြို့တွင် မဟတ္တမဂန္ဒီ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ကြေးရုပ်တုဖွင့်လှစ်

မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ  ဂန္ဒီကြေးရုပ်တုကို နိုဝင်ဘာလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။    အိန္ဒိယရှေ့နေနဲ့ နိုင်ငံရေး နီတိဆရာတဦး ဖြစ်တဲ့ ဂန္ဒီရဲ့ ပုံတူကြေးရုပ်တုကို မန်ချက်စတာဘုရားရှိခိုးကျောင်း အပြင်ဘက်မှာ စိုက်ထူပြီး နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ရှေ့မှောက် ဖွင့်လှစ်ခဲ့တာပါ။ ရမ်ဗွီဆူထာ ဆိုသူ ပန်းပုပညာရှင် ဖန်တီးတဲ့ ၉ ပေ အမြင့်ရှိ ကြေးရုပ်တုဟာ မန်ချက်စတာမြို့ရဲ့ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းကို ဂုဏ်ပြုဖို့ ရည်ရွယ်ပါတယ်။    ၁၉၃၁ ခုနှစ်တုန်းက ဂန္ဒီဟာ လန်ကတ်ရှိုင်းယားနယ်က စက်ရုံလုပ်သားတွေကို လာတွေ့ရင်း မန်ချက်စတာမြို့ကို ရောက်ရှိတဲ့ အထိမ်းအမှတ်အဖြစ် ဒီကြေးရုပ်တုကို ဂုဏ်ပြု သွန်းလုပ်တာလည်း ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီဟာ ငြိမ်းချမ်းခြင်းတရား၊ မေတ္တာတရားနဲ့ ကရုဏာတရား ၃ ခုစလုံးကို  ကိုယ်စားပြုတယ်။ အခု လူ့အဖွဲ့အစည်းအတွင်း အဲဒီတန်ဖိုးတွေ ပျက်စီးဆုံးရှုံးနေချိန်ဖြစ်လို့ စိတ်ငြိမ်းချမ်းဖို့ ဖြစ်ဖြစ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ဖြစ်ဖြစ် ဒီကိုလာပြီး သမိုင်းဝင် အခမ်းအနားလေးမှာ အတူဆင်နွှဲပါလို့  ဒေသခံတဦးက ဖိတ်ခေါ်ခဲ့ပါတယ်။
3 years Ago
Up