ကြော်ငြာထားပြီး

February 5, 2020

ကြော်ငြာထားပြီး ရော်နယ်ဒို ဝင်မကစားခဲ့သဖြင့် ပရိသတ်ကို လျော်ကြေးပေးရန် ကိုရီးယားတရားရုံး အမိန့်ချ

ခြေစွမ်းပွဲမှာ ရော်နယ်ဒို ပါဝင်မယ်လို့  ကြော်ငြာထားပြီး ရော်နယ်ဒို မပါဝင်ခဲ့လို့ ပွဲစီစဉ်တဲ့ ကုမ္ပဏီအနေနဲ့ ပရိသတ်နှစ်ဦးကို လျော်ကြေးပေးဖို့ တောင်ကိုရီးယား တရားရုံးခုက အမိန့်ချမှတ်လိုက်ပါတယ်။ ဒေသတွင်းက ပွဲစီစဉ်တဲ့ ကုမ္ပဏီတခုက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ကေလိဂ်ညွန့်ပေါင်းအသင်းတို့ ပွဲစဉ်မှာ ‌ရော်နယ်ဒို ဝင်ကစားမယ်လို့ အသိပေးကြော်ငြာခဲ့ပါတယ်။  ဒီပွဲမှာ ရော်နယ်ဒိုဟာ အနည်းဆုံး ၄၅ မိနစ် ဝင်ကစားမယ်လို့ ကုမ္ပဏီဘက်က ကြော်ငြာခဲ့တာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ရော်နယ်ဒိုဟာ ဝင်ကစားခဲ့ခြင်းမရှိပါဘူး။  ဒါ့ကြောင့် တောင်ကိုရီးယားမှာရှိတဲ့ ရော်နယ်ဒိုရဲ့ပရိသတ်နှစ်ဦးက The Fasta လို့ ခေါ်တဲ့ ပွဲစီစဉ်တဲ့ကုမ္ပဏီကို တရားစွဲခဲ့တာဖြစ်ပြီး တရားရုံးက ဒီပရိသတ်နှစ်ဦးကို ဝမ်ငွေ ၃၇၁၀၀၀ (ပါင် ၂၄၀) လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။  ဒီလျော်ကြေးမှာ ဝမ် ၃၀၀၀၀၀ ဟာ ပရိသတ်တွေကို စိတ်ထိခိုက်စေမှုအတွက် ဖြစ်တယ်လို့ ရှေ့နေ ကင်မင်ကီက ပြောပါတယ်။  “The Fasta ကုမ္ပဏီဟာ လိမ်ညာပြီးတော့ ရော်နယ်ဒိုရဲ့ ပရိသတ်တွေကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ပရိသတ်တွေအတွက်ကတော့ သူတို့ဘဝတလျှောက်လုံး လေးစားအားပေးလာတဲ့ ကစားသမားကို မြင်တွေ့ခွင့် ဆုံးရှုံးခဲ့ရတာဟာ ဒီလို လျော်ကြေးပေးဖို့ ထိုက်တန်ပါတယ်” လို့ ဒီအမှုကိုင်တွယ်တဲ့ ရှေ့နေကင်က ပြောပါတယ်။ ဒီခြေစွမ်းပွဲဟာ တဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့တာဖြစ်ပြီး ဒီပွဲအပေါ် မကျေနပ်တဲ့ တခြားလူပုဂ္ဂိုလ် ၈၇ ဦးရဲ့အမှုကိုလည်း လိုက်ပေးသွားဖို့ရှိကြောင်း ရှေ့နေကင်က ပြောပါတယ်။  ဒီပွဲစဉ်ကို ကြော်ငြာရာမှာ ပွဲစီစဉ်တဲ့ ကုမ္ပဏီဟာ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေကို အကြီးအကျယ် အသုံးချခဲ့ပြီး ပွဲလက်မှတ် ၆၅၀၀၀ ဟာလည်း သုံးမိနစ်မပြည့်ခင် ရောင်းကုန်သွားခဲ့ပါတယ်။  ဒါပေမဲ့ ဒီပွဲစဉ်မှာ ရော်နယ်ဒို မပါဝင်ခဲ့တာကြောင့် ပရိသတ်တွေဟာ အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး တချို့ဆို သူ့ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြပါတယ်။  ဒီဖြစ်ရပ်ကြောင့် ကေလိဂ် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ဂျူဗင်တပ်စ်အသင်းကို ကန့်ကွက်စာ ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up