ကြောက်ကြောက်နဲ့

March 26, 2020

ကြောက်ကြောက်နဲ့ ရင်ဆိုင်ရမယ့်အချိန် 

တကယ်တော့ သိပ်အံ့ဩစရာမဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ မကောင်းဆိုးရွားက ရွာထဲကို ဝင်ရောက်လာပါပြီ၊ အဆိုးဆုံးကို ပြင်ဆင်မှ အကောင်းဆုံးကို မျှော်လင့်နိုင်ပါလိမ့်မယ်။ သတင်းကောင်းကတော့ ရောဂါကူးတယ်ဆိုတာ သေတာ မဟုတ်ပါဘူး။ ကိုရိုနာ ကူးစက်ခံရသူ လူ ၁၀၀ မှာ ၉၅ ယောက် ပြန်ကျန်းမာလာတယ်လို့ WHO က တွက်ပြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ၅ ရာခိုင်နှုန်းထဲ ကိုယ်ပါမှာ ကြောက်ကြတာချည်းပါပဲ။ ဆရာဦးအောင်သင်းကို သတိရပါတယ်။ ဆရာက လူတွေဟာ လူနည်းနည်းပဲ ကံကောင်းတဲ့အထဲ ကိုယ်ပါမယ်ထင်ပြီး လစဉ် ထီထိုးနေကြတယ်။ ဒါပေမဲ့ နေ့စဉ် လူအများကြီး ကားတိုက်ခံရတဲ့အထဲ ကိုယ်ပါမယ်လို့ ဘယ်သူများ မတွေးကြဘူးတဲ့။ အခုဆိုရင် ၅ ရာခိုင်နှုန်းထဲ ကိုယ်ပါမှာကို လူတိုင်း တွေးနေကြပါတယ်။ ဒါလည်း တမျိုးတော့ကောင်းတာပါပဲ။ ဒါပေမဲ့ ကြောက်နေလို့ မပြီးပါဘူး။ ဘယ်လို ရင်ဆိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ ရောဂါထိန်းချုပ်ရေး တောင်ကိုရီးယားက အောင်မြင်တယ်၊ တရုတ်လည်း အောင်မြင်တယ်။ ဒါပေမဲ့ တရုတ်က သတင်းလွတ်လပ်ခွင့် အကန့်အသတ်ရှိတော့ ထည့်မပြောတော့ပါဘူး။ တောင်ကိုရီးယားနည်းက လူများများကို မြန်မြန်စစ်တာပဲ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှ တောင်ကိုရီးယားလောက် မစစ်နိုင်ဘူး၊ တနေ့လူ ၂ သောင်းလောက်အထိ စစ်နိုင်ခဲ့တယ်။  ဒါကြောင့် အစမှာ တောင်ကိုးယားရဲ့ ကူးစက်နှုန်းဟာ မိုး‌ပေါ်ထောင်တက်ခဲ့ပြီး လျင်လျင်မြန်မြန် ပြန်ထိန်းချုပ်နိုင်သွားပါတယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှုမှာ အစိုးရနဲ့ ပုဂ္ဂလိက တက်ညီလက်ညီ လုပ်နိုင်တာလည်း ပါသလို ပြည်သူ တဦးချင်းစီရဲ့ တာဝန်သိစိတ်နဲ့လည်း ဆိုင်ပါတယ်။ ခေတ်မီစမတ်ဖုန်းနည်းပညာ အကူအညီကလည်း ခြေရာခံတဲ့နေရာမှာ အသုံးဝင်ပါတယ်။ လူတွေအများကြီးကို ယုတ် လတ် မြတ် မရွေး စစ်ဆေးတာ၊ ရောဂါပိုးတွေ့တာနဲ့ ဒီလို ဘယ်တွေသွားခဲ့၊ ဘာတွေလုပ်ခဲ့၊ ဘယ်သူနဲ့ တွေ့ခဲ့သလဲ ဆိုတာကို ခြေရာခံ၊ ပြီးရင် အနီးကပ် ထိတွေ့ဖူးသူတွေကို ခြေချုပ်နဲ့ နေခိုင်းတဲ့နည်းတွေကို သုံးခဲ့ပါတယ်။ အခုအထိဆိုရင် တောင်ကိုရီးယားမှာ စစ်ဆေးခဲ့တဲ့ လူပေါင်း ၃ သိန်းကျော်ပါပြီ။ (ယူကေ၊ အမေရိကတို့မှာ သောင်းဂဏန်းပဲ စစ်နိုင်သေးတာနဲ့ နှိုင်းယှဉ်ကြည့်ပါ။) တောင်ကိုရီးယားမှာ တနိုင်ငံလုံး စစ်ဆေးရေးဌာနပေါင်း ၆၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။ လူတွေဟာ လမ်းဘေးမှာပဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဌာနတွေထဲအထိ ကားမောင်းဝင် စစ်ဆေးခံနိုင်အောင် စီစဉ်ထားပါတယ်။ ရလဒ်ကို ၂၄ နာရီအတွင်း ဖုန်းမက်ဆေ့ချ်ကနေပို့ပြီး အသိပေးပါတယ်။ တောင်ကိုရီးယားဟာ ၂၀၁၅ (MERS) ကပ်ဘေးတုန်းက သင်ခန်းစာ ကောင်းကောင်း ရခဲ့ပါတယ်။ လူပေါင်း ၁၈၆ ယောက် ကူးစက်ခဲ့ပြီး ၃၈ ယောက် သေဆုံးခဲ့လို့ ရောဂါဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက သင်ခန်းစာယူပါတယ်။ နောက်တကြိမ် မဖြစ်အောင် တရုတ်ပြည်မှာ ကိုရိုနာ စဖြစ်ကတည်းက တောင်ကိုရီးယားမှာ အားလုံး နိုးကြားနေကြပါတယ်။ အရေးအကြီးဆုံးကတော့ လူထုရဲ့ တာဝန်သိမှုနဲ့ ဆိုင်ပါတယ်။ လူတွေဟာ လက်ဆေးဖို့၊ အိမ်မှာ နေဖို့၊ လိုအပ်ရင် စစ်ဆေးမှု ခံယူဖို့ တွန့်ဆုတ်မနေပါဘူး။ ကိုရိုနာ ကပ်ဘေးမှာ အလျင်အမြန် ထိန်းချုပ်မှု အောင်မြင်တဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ ဂျပန်တို့ ရှိပါသေးတယ်။ ဒီနိုင်ငံတွေမှာ တူနေတဲ့အချက်က အစိုးရဌာနတွေ အချင်းချင်း၊ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေကြားမှာ ဆက်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဥပမာ စင်ကာပူဆိုရင် ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနအကြားမှာ နေ့စဉ် အစည်းအဝေး ခေါ်ပါတယ်။ တာဝန်ခွဲဝေမှု ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်းရှိလို့ ဘယ်သူက ဘယ်အဆင့်မှာ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း နားလည်ထားကြပါတယ်။ လူထုကို ရှင်းလင်းပြီး အသေးစိတ်တဲ့ သတင်းထုတ်ပြန်ချက်ကလည်း နေ့တိုင်း ထုတ်ပေးနေပါတယ်။ နောက်တခုကတော့ လူစုလူဝေးကို ရှောင်တာပါပဲ။ ပြည်သူလူထုနဲ့ ဆိုင်ပါတယ်။ မြန်မာပြည်မှာ ပထမဆုံး ပိုးတွေ့ရတဲ့ လူ ၂ ယောက်ဟာ နိုင်ငံခြာကနေ ပြန်လာသူတွေ ဖြစ်လို့ တနည်းအားဖြင့် စိတ်သက်သာစရာတော့ ကောင်းပါတယ်။ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ လူ ၂ ယောက် ဆိုရင် ပိုစိုးရိမ်စရာကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ အားလုံး စိုးရိမ်နေသလို လူ့အဖွဲ့အစည်းထဲမှာလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကို ရှောင်တာဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီနေရာမှာ ရုပ်ရှင်တွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စျေးဝယ်စင်တာတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ဘာသာရေးပွဲတွေလည်း ပါဝင်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေပိတ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကိုပါ ရပ်ဆိုင်းလိုက်တာမျိုး ဖြစ်ပါတယ်။ လူတယောက်နဲ့ တယောက် ခြောက်ပေ ကွာရင် ဘေးကင်းစေနိုင်တဲ့ အနေအထားလို့ ဆေးပညာရှင်တွေက အကြံပေးထားပါတယ်။ ရောဂါပိုးကို ဖြန့်ဝေသူဟာ ဖြန့်နေမိမှန်းတောင် မသိဘဲလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အရက်ဘားတခုကနေ ရောဂါကူးလာတဲ့သူကနေ သူ့သူငယ်ချင်းဆီ ကူးစက်၊ နောက်တဆင့် သူငယ်ချင်းရဲ့ မိခင်ကို ကူးစက်တာမျိုးပါ။ နောက်ဆုံး ကူးစက်သူက အသက်လည်း ကြီးနေ၊ ရောဂါအခံလည်း ရှိရင် ဖျားနာရုံမက အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကို ရှောင်ဖို့ အရေးကြီးရတာ ဖြစ်ပါတယ်။ သတင်းဆိုးကတော့ မြန်မာပြည်မှာ အစိုးရဟာ အားကောင်းတဲ့ အစိုးရ မဟုတ်ပါဘူး။ ကျန်းမာရေးစနစ်ကလည်း ညံ့ဖျင်းနေတုန်းပါပဲ။ မြန်မာပြည်ဟာ တောင်ကိုရီးယား မဟုတ်သလို၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဂျပန်လည်း မဟုတ်ပါဘူး။ လူတွေ ဆင်းရဲ၊ ကျန်းမာရေး အသိနည်းပါး၊ တချို့ ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးယန္တရားတွေ ကမောက်ကမနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကို ခေတ်မီနိုင်ငံတွေတောင် ထိန်းချုပ်ဖို့ ခက်နေတာမို့လို့ မြန်မာနိုင်ငံအတွက် ဘယ်လိုမှ မလွယ်ကူပါဘူး။ အရင် အတွေ့အကြုံ မရှိပါဘူး။ ဒီပြဿနာ အားလုံးကို အစိုးရ အစီအမံတခုတည်းနဲ့ ဘယ်လိုမှ ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တခုကတေ့ာ လေဆိပ်တွေကို ထိန်းချုပ်နိုင်တယ်ထားဦး။ နယ်စပ်ဂိတ်တွေကို ပိတ်ဖို့ မလွယ်ကူပါဘူး။ ဥပမာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်နေပြီဖြစ်တဲ့ ထိုင်းနိုင်ငံကနေ အလုံးအရင်းနဲ့ ပြန်ဝင်နေကြတဲ့ ပြဿနာမျိုးပါပဲ။ ဘယ်သူ့ဆီမှာ ရောဂါပိုး ပါလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လူတိုင်းကို မစစ်နိုင်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံခြားကနေ ပြန်လာရင် မိသားစုနဲ့ ကင်းကင်းကွာကွာနေဖို့ လိုပါတယ်။ အစိုးရက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ အတိအကျ လိုက်နာဖို့ လိုပါတယ်။ လူတိုင်း လုပ်နိုင်တဲ့ကိစ္စကနေ စလုပ်ဖို့ပါပဲ။ တဦးချင်း ကျန်းမာရေး အသိစိတ်နဲ့၊ ကိုယ့်ကြောင့် တပါးသူတွေ ဒုက္ခမရောက်စေရဘူးဆိုတဲ့ လူ့ကျင့်ဝတ်နဲ့ နေထိုင်ဖို့ လိုပါတယ်။ တဦးချင်းက တကိုယ်ရေသန့်ရှင်းအောင် လက်ဆေးခြင်း အပါအဝင်၊ လူစုလူဝေးကို ရှောင်ရှားခြင်း၊ ဗဟိုအစိုးရနဲ့ ပြည်နယ်တိုင်းအစိုးရတို့က ထုတ်ပြန်နေတဲ့ သတင်းထုတ်ပြန်ချက်တွေ၊ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာကြဖို့ ဖြစ်ပါတယ်။ နေသွင်ညိဏ်း
1 year Ago
Up