ကြူကုတ် (ပန်ဆိုင်း)

October 26, 2021

ကြူကုတ် (ပန်ဆိုင်း)ဒေသတွင် တိုက်ပွဲထပ်ဖြစ်ပြီး နေအိမ်နှင့် ကားအချို့ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့မှာ အောက်တိုဘာ ၂၅ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တို့အကြား ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ကားနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

မနေ့ည ၉ နာရီ ၄၅ မိနစ်လောက်က တိုက်ပွဲ စဖြစ်တာ ၁၀ နာရီခွဲ လောက်မှ တိုက်ပွဲ ရပ်သွားပြီး လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ 

"အသင်းသား နေအိမ် ခြံဝင်းမှာ ကျည်တွေ ကျတယ်။ ကားနဲ့ မှန်တွေရော အကုန်ထိကုန်တာ။ လူကတော့ ဘာမှ မဖြစ်ဘူး။ တခြားအိမ်တွေလည်း ထိတယ်။ ထိသွားတဲ့ အိမ်အားလုံးကို လိုက်မကြည့်နိုင်သေးဘူး။ တရုတ်အိမ်လည်း အိမ် ၃ အိမ်လောက်ထိတယ်။ ။ " လို့ မြို့ခံ တဦးက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း  မုံးကိုးမြို့အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း၊ ဖောင်းဆိုင်ဒေသမှာလည်းစစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေကို သွားလာခွင့် ပိတ်ပင်ထားလို့ အမှည့်လွန်စပါးတွေ ရိတ်သိမ်းလို့ မရပဲ အခက်အခဲ ကြုံနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

လတ်တလော ကြူကုတ် (ပန်ဆိုင်း)မြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်းနောက်ထပ်ဒေသခံတယောက်ကလည်း ပြောပါတယ်။

"ပန်ဆိုင်းမှာ ဖြစ်တာ။ ရဲစခန်းလည်း လာပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားသွားလာနေတာတွေ့ရတယ်။"

ကြူကုတ် (ပန်ဆိုင်း) မြို့နယ်မှာ ဩဂုတ် ၄ ရက်ကနေ  အောက်တိုဘာ ၂၅ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ထိမှန် သေဆုံးခဲ့သူ အမျိုးသမီး ၅ ဦး ရှိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူ အမျိုးသမီး ၁ ဦးရှိကာ ကားနဲ့ ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

1 month Ago

October 24, 2021

ကြူကုတ် (ပန်ဆိုင်း) မှာ ပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရ

ကြူကုတ် (ပန်ဆိုင်း) မြို့မှာ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ကြား၂၆ မိနစ်ကြာ တိုက်ပွဲမှာ အရပ်သားပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ‌မြို့ခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "ကိုးကန့် ၇ ယောက်ပဲ။ ၅ နာရီခွဲလောက် မနောကွင်း နားကနေ စစ်ကောင်စီတပ်ကို အနီးကပ် လာပစ်သွားတာ။ လာပစ်တော့ စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ရွာသစ်ဘက်ကို ကျည် လာကျတယ်" လို့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆရာမ နန်ဘောက်ဆိုသူ ရင်ဘတ်မှာ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့ကာ မူဆယ်ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။

အိမ်အောက် မြေအောက်ခန်းမှာ ပုန်းနေရာကနေ အပြင်ခဏထွက်ရာမှ သူတို့အိမ်အောက်နား ကျရောက် ပေါက်ကွဲသွားတဲ့ လက်နက်ကြီးစ လာထိမှန်တာလို့ ဆိုပါတယ်။  

အောက်တိုဘာ ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ လူငယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်အတွင်း ဩဂုတ် ၄ ရက်ကနေ အောက်တိုဘာ ၂၃ ရက်အထိ လက်နက်ကြီးကျည် ထိမှန်သေဆုံး သူ အမျိုးသမီး ၅ ဦးနဲ့ ဒဏ်ရာရသူ အမျိုးသမီး ၁ ဦး ရှိပြီ ဖြစ်ပါတယ်။ 

1 month Ago
More News
Up