နယူးဒေလီမြို့က ဘတ်စ်ကားတစီးပေါ်မှာ ၂၀၁၂ ခုနှစ်တုန်းက အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားတဲ့ အမျိုးသား ၄ ယောက်ကို မတ်လ ၂၀ ရက်က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
အဲဒီအမျိုးသားတွေကို မြို့တော်နယူးဒေလီ ဆင်ခြေဖုံးက တီဟာအကျဉ်းထောင်မှာ မနက် အရုဏ်တက်ချိန် ကြိုးပေးခဲ့တာပါ။
သူတို့ကို ကြိုးပေးတဲ့အပေါ်မှာ လာရောက်အောင်ပွဲခံတဲ့ လူအုပ်ကို ထိန်းဖို့ ရာနဲ့ချီတဲ့ ရဲတွေ ကို အကျဉ်းထောင်အပြင်ဘက်မှာ နေရာချထားပါတယ်။
တချို့လာရောက်သူတွေက “အမျိုးသမီးတွေအတွက် တရားမျှတမှု၊ တရားခံတွေကို ကြိုးပေး” ဆိုတဲ့ စာတန်းတွေကို ကိုင်ထားကြပါတယ်။
၂၀၁၂ ဒီဇင်ဘာလ ၁၆ ရက်က ဖြစ်ခဲ့တဲ့ ဒီရာဇဝတ်မှုကြောင့် ဆန္ဒပြပွဲ အများအပြား ဖြစ်ခဲ့သလို တကမ္ဘာလုံးကလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
ဒီပြစ်မှုအတွက် အမျိုးသား ၆ ယောက်ကို ဖမ်းခဲ့ပြီး တဦးကတော့ ၂၀၁၃ ခုနှစ်မှာ အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
နောက်တဦးကတော့ ပြစ်မှုကျူးလွန်ချိန်မှာ အသက် ၁၇ နှစ်ရှိပြီး ကလေးသူငယ်ဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ် ကျခံပြိးနောက် ၂၀၁၅ ခုနှစ်မှာ ထောင်က လွတ်သွားခဲ့ပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ မိန်းကလေးကို အိန္ဒိယမီဒီယာတွေက “အကြောက်အလန့်ကင်းသူ” နာဘာယာလို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယဥပဒေအရ ကျူးလွန်ခံရသူကို နာမည်ဖော်ပြခွင့် မရှိပါဘူး။
မိခင်ဖြစ်သူက “ဒီနေ့မှာ နာဘာယာ တရားမျှတမှု ရခဲ့သလို အိန္ဒိယသမီးပျိုတွေ အားလုံး လည်း တရားမျှတမှု ရခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
12 months Ago