ကြိုရိုနာဗိုင်းရပ်စ်

A d v e r t i s e m e n t With Us

March 21, 2020

နယူးယောက်မြို့ တိုင်းမ်စကွဲရင်ပြင်တွင် လူသူခြောက်ကပ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တိုင်းမ်စကွဲရင်ပြင်မှာ အခုရက်ပိုင်းတွေမှာ လူသူခြောက်ကပ်နေတယ်လို့ သိရပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက မြို့ကြီးပြကြီးတခုရဲ့ နေထိုင်မှုဘဝကို ရက်ပိုင်းအတွင်း လူနှစ်ဒါဇင်နီးပါးလောက်သာ ရှိသယောင်ယောင် အသွင်ပြောင်းလိုက်တာပါ။ ကူးစက်မြန်ကပ်ရောဂါ စဖြစ်ကတည်းက နယူးယောက်ညဟာ ညလုံးပေါက်စည်ကားတဲ့ နယူးယောက်မြို့ကြီးကို အသွားအလာ လုံးဝမရှိသလောက် ဖြစ်စေခဲ့ပါတယ်။  မိုးချုပ်ပြီးစ နယူးယောက်ဟာလည်း စိတ်ကူးယဉ်သိပ္ပံဇာတ်ကားထဲက ဆက်တင်တခုနဲ့ အလားသဏ္ဌာန်တူနေပါတယ်။ တချိန်က လူသူတွေ ပျားပန်းခပ်မျှ လှုပ်ရှားခဲ့တဲ့ မန်ဟက်တန်ရပ်ကွက် လမ်းတွေထက်က လူအနည်းအကျဉ်းဟာ လူဦးရေထူထပ်တဲ့ အမေရိကန်မြို့မှာ မှောင်ရီပျိုးတာနဲ့ ကြက်သီးထဖွယ် တိတ်ဆိတ်မှုကို မီးမောင်းထိုးပြနေပါတယ်။  လင်ကွန်းစင်တာ အပြင်ဘက်မှာတော့ ဂျက်ဖရီခရစ္စတိုဖာ တီးခတ်တဲ့ တယောကြီးကနေ ဂျာမန်ဂီတပညာရှင် ဘတ်ချ်ရဲ့တေးသွားက လေထဲ လွင့်ဝဲလာခဲ့ပါတယ်။ ခါတိုင်း သူ ဖျော်ဖြေနေကျ မြေအောက်ရထားစီး ခရီးသည်တွေကလည်း ပျောက်ကွယ်လု နီးပါးဖြစ်တာမို့ လမ်းမထက်မှာ သူတဦးတည်းသာ တီးခတ်နေပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာအနှံ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၈၂ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀,၄၀၅ ဦးအထိ မြင့်တက်လာပြီး ကူးစက်ခံရသူ အရေအတွက်က ၂၇၆,၀၀၇ ဦးအထိရှိလာပြီး ပြန်ကောင်းလာသူ ၉၁၉၅၂ ဦး ရှိလာပါတယ်။  ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ရာ တရုတ်နိုင်ငံထက် အီတလီက သေဆုံးသူ ပိုများလာခဲ့ပြီး  ဂျီနိုအာဆိပ်ကမ်းက အပျော်စီးသင်္ဘောဟာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေအတွက် ဆေးရုံဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago
Up