ကြိုတင်ဆန္ဒမဲလျှောက်လွှာ

October 18, 2020

ကြိုတင်ဆန္ဒမဲလျှောက်လွှာများ အောက်တိုဘာ၂၅ ရက်နေ့ နောက်ဆုံး တင်သွင်းရမည်

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလျှောက်လွှာတွေကို အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား တင်သွင်းရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် ကိုယ့်ရဲ့ မဲဆန္ဒနယ်ကို ပြန်ပြီး မဲမပေးနိုင်သူတွေအနေနဲ့ ကိုယ်ရောက်နေတဲ့ မြို့နယ်မှာပဲ မဲပေးနိုင်အောင် အထူးကိစ္စတရပ်အဖြစ် လုပ်ပေးမယ်လို့ ကော်မရှင်က ကြေညာထားခဲ့ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ အောက်တိုဘာ ၂၅ ရက်နောက်ဆုံးထားပြီး (ကြိုတင်ဆန္ဒမဲပေးဖို့ လျှောက်လွှာ) ပုံစံ ၁၅ တွေ တင်သွင်းရမှာဖြစ်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တွေကလည်း ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်တွေကို နိုဝင်ဘာ ၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေဆီကို ပေးပို့ရမှာဖြစ်ပါတယ်။ မဲပေးမယ့်သူတွေဟာ လက်ရှိရောက်နေတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေကို ဆက်သွယ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ (၁၅) ရယူလျှောက်ထားရမှာဖြစ်ပြီး အဲဒီပုံစံကိုတွေကို လက်ခံရရှိတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဟာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီကို e mail, Fax တို့နဲ့ ပေးပို့စိစစ်သွားရမှာဖြစ်ပါတယ်။ အဲဒီ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် မဲဆန္ဒရှင်စာရင်းတွေမှာ ပါ၊ မပါ တိုက်ဆိုင်စိစစ်ပြီးရင် ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ စာအိတ်တွေကို မဲဆန္ဒရှင် လက်ရှိရောက်နေတဲ့ မြို့နယ်တွေကို ပေးပို့တာ၊ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်တွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီ ပြန်လည်ပေးပို့တာတို့ကို ချောစာပို့လမ်းကြောင်းနဲ့ပဲ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ဒေသန္တရ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ နယ်မြေဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုနဲ့ ခရီးအကွာအဝေး စတာတွေကြောင့် မဲစာအိတ်တွေ ပို့တာ၊ ပြန်ပို့တာမှာ ၁၄ ရက်လောက် ကြာနိုင်တာတယ်လို့လည်း ဆိုပါတယ်။
1 year Ago
Up