ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ မရှိဘူးဆိုပြီး ကြေညာထားတဲ့ ဆီးရီးယားနိုင်ငံမှာ မတ်လ ၁၇ ရက်ကစလို့ ကြိုတင်ကာကွယ်ရေး လုပ်နေပါတယ်။
အစီအမံ တစိတ်တပိုင်းအနေနဲ့ လတ်တာကီယာမြို့ လူနေထိုင်ရာနေရာတွေ၊ ပို့ဆောင်ရေး အချက်အခြာနေရာတွေ၊ ဈေးတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ ပိုးသတ်ဆေး ဖျန်းခဲ့တယ်လို့ မြို့ကောင်စီအကြီးအကဲတဦးက ဆိုပါတယ်။
စစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ကာကွယ်ဖို့ ပါလီမန်ရွေး ကောက်ပွဲ ရွှေ့ဆိုင်းတာ၊ ကျောင်းတွေပိတ်တာနဲ့ အများပြည်သူဆိုင်ရာ ပွဲတွေ ဖျက်သိမ်းတာတွေ လုပ်ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက မတ် ၁၄ ရက်က ပြောပါတယ်။
မြို့တော် ဒမတ်စကပ်နဲ့တခြားပြည်နယ် ၃ ခုထက်မနည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ တွေ တွေ့တယ်လို့ ဆီးရီးယားဆရာဝန်တွေကိုကိုးကားပြီး ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောထားပါတယ်။
ဒါပေမဲ့ ဆီရီးယားပညာရေးဝန်ကြီးကတော့ အဲဒီသတင်းကို ငြင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာတဝှမ်းနိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံနဲ့ဒေသပေါင်း ၁၇၆ ခု ရှိနေပြီး ဗိုင်းရပ်စ် မတွေ့သေးတဲ့နိုင်ငံဟာ အနည်းငယ်သာ ရှိတယ်လို့ ဝက်ဆိုက်သတင်း တွေအရ သိရပါတယ်။
12 months Ago