ကြိုဆိုနေတဲ့ နှစ်သစ်

A d v e r t i s e m e n t With Us

December 28, 2020

အစိုးရသစ်ကို ကြိုဆိုနေတဲ့ နှစ်သစ် (ဆောင်းပါး)

နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ)ဟာ နောက်ထပ် ငါးနှစ် အစိုးရ တာဝန်ယူရပါမယ်။ ကိုဗစ်ကပ်ဘေးကြောင့် လာမယ့် နှစ်တွေမှာ စီးပွားရေးကိစ္စတွေဟာ မဖြစ်မနေ ရှေ့တန်းရောက်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဖြစ်မနေ ကိုင်တွယ်ရမယ့် နိုင်ငံရေးပြဿနာတွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်ကြည့်တဲ့အခါ အန်အယ်ဒီ အစိုးရအနေနဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနတွေကို မကိုင်ထားနိုင်တဲ့အတွက် ပါတီရဲ့ ဦးစားပေးကိစ္စတွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးလို ဒီမိုကရေစီအတွက် အခြေခံကျတဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။  တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတို့နဲ့ ပတ်သက်လာရင်လည်း နယ်ဆင်မန်ဒဲလား ပြောခဲ့သလို နိုင်ငံရေးနေရာ ရခဲ့ပေမယ့် အာဏာမရှိတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အကူးအပြောင်းကာလကို တာဝန်ယူခဲ့တဲ့ ဦးအောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ အစိုးရဟာ အင်္ဂလိပ်ဆီက ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို ရအောင် တောင်းခဲ့တယ်။ တောင်အာဖရိက အပြောင်းအလဲမှာလည်း မန်ဒဲလားနဲ့ အေအန်စီ ခေါင်းဆောင်တဲ့  အမျိုးသားညီညွတ်ရေး အစိုးရဟာ လူဖြူတွေကို ပိုနေမြဲ ကျားနေမြဲ အခွင့်ထူးတွေ အများကြီး လိုက်လျောခဲ့ပေမယ့် ပြည်ထဲရေးနဲ့ ကာကွယ်ရေးကိုတော့ လူဖြူတွေ လက်ထဲ မအပ်ခဲ့ပါဘူး။ တရားဥပဒေ စိုးမိုးရေးကို ဖျက်လိုဖျက်စီး လုပ်ချင်တဲ့ အင်အားစုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ လိုလို့ဖြစ်ပါတယ်။ ဒီအုပ်စုတွေကို လူဖြူအစိုးရက နောက်ကွယ်က အားပေးအားမြှောက်လုပ်နေတယ်လို့ မန်ဒဲလားက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအလဲကို အနှောင့်အယှက်ပေးမယ့် ဒီအင်အားစုကို ရင်ဆိုင်နိုင်ဖို့ အဓိကကျတဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခုစလုံးကို အေအန်စီကပဲ ကိုင်ထားဖို့ လိုအပ်တယ်လို့ မန်ဒဲလားက စဉ်းစားခဲ့ပါတယ်။ မြန်မာပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးနဲ့ လုံခြုံရေးဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်ခံဖြစ်ပါတယ်။ ရှေ့လာမယ့် ငါးနှစ်မှာ ဒီကိစ္စကို အလေးအနက်ထားဖို့ လိုပါတယ်။ ပထမအဆင့်အနေနဲ့ အင်ဒိုနီးရှားမှာ လုပ်ခဲ့သလိုမျိုး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ခွဲထုတ်နိုင်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးကိစ္စတွေကို အစိုးရက ပိုပြီး ကိုင်တွယ်နိုင်စရာ ရှိပါတယ်။  တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီကို ထောက်ခံတဲ့ တပ်မတော်၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ တပ်မတော်ဖြစ်တယ်ဆိုတာကို ဒီနည်းနဲ့ သက်သေပြနိုင်ပါတယ်။ တိုင်းရင်းသားအရေး ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်ကြည့်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်ဒီတို့ကြားမှာ ၂၀၁၅ မတိုင်ခင် အခြေအနေကထက် ပိုဝေးကွာခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲမှာလည်း အစိုးရနှစ်ခုနဲ့ ဆွေးနွေးနေရသလို ဖြစ်ခဲ့ရတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက အားမလိုအားမရ ပြောကြပါတယ်။ ပိုဆိုးတာက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရည်တူ ပြည်ထောင်စုမူကို တလျှောက်လုံး ထောက်ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အန်အယ်ဒီအစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်နဲ့ ရပ်တည်ချက်ချင်း ပိုပြီးနီးစပ်တယ်လို့ တိုင်းရင်းသားတွေက ရှုမြင်နေကြတာပါပဲ။ ဒါကို ဖြေရှင်းဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားပါတီတွေ ထင်သလောက် အနိုင်မရခဲ့ပေမယ့်လည်း တခဲနက် အနိုင်ရတဲ့ အန်အယ်ဒီက တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေရေး၊ သံယံဇာတ ခွဲဝေရေး ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ ဒီမှာလည်း ဖွဲ့စည်းပုံဆိုင်ရာအကန့်အသတ်တွေ ရှိနေသေးပေမယ့် ပုဒ်မ ၂၆၁ လို ကိစ္စမျိုးတွေမှာ နားလည်မှုရှိရှိနဲ့ ညှိနှိုင်းမယ်ဆိုရင် အနာဂတ်ပြည်ထောင်စုအတွက် လက်တွဲ အလုပ်လုပ်နိုင်မယ့် အခြေအနေသစ်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ အပြန်အလှန် ခန္တီစ ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်ကြည့်တဲ့အခါ အန်အယ်ဒီအစိုးရဟာ မဘသ လှုပ်ရှားမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်တယ်လို့ ဆိုရပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေးနဲ့ လူမျိုးရေးကို နိုင်ငံရေးအတွက် အသုံးချလိုတဲ့ အုပ်စုတွေ ရှိပေမယ့် အရင်က မဘသ အားကောင်းခဲ့တဲ့ မန္တလေးတိုင်းနဲ့ ဧရာ၀တီတိုင်းထဲက မဲဆန္ဒနယ်တွေမှာ အန်အယ်ဒီက အနိုင်ရခဲ့ပါတယ်။ မျိုးစောင့်ဥပဒေလို ကိစ္စမျိုးကို NLD က မထိသရွှေ့ ဘာသာရေး၊ လူမျိုးရေးကို နိုင်ငံရေးအတွက် အသုံးချချင်သူတွေဘက်က သံဃာနဲ့ လူပုဂ္ဂိုလ်တွေကို အုံနဲ့ကျင်းနဲ့ စည်းရုံးဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည်ဒီမိုကရေစီ ဖွံ့ဖြိုးသွားဖို့ ဆိုရင်တော့ ဘာသာရေးနဲ့ နိုင်ငံရေး (ဝတ်ကျောင်းတော်နဲ့ နိုင်ငံတော်) ကို ခွဲခြားရပါမယ်။ ဒီအတွက် အကောင်းဆုံးအဖြေကတော့ Twin Toleration လို့ ခေါ်တဲ့ အပြန်အလှန် ခန္တီစ သဘောတရား လိုအပ်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ ဒီမိုကရေစီ အစိုးရတရပ်က ဥပဒေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်နေတာကို ဝင်ပြီး မထိန်းချုပ်ဖို့၊ ဒီမိုကရေစီအစိုးရကလည်း ဘာသာရေး အကြီးအကဲတွေက နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေအပေါ် လေးစားနေသမျှ ဘာသာရေး ကိစ္စတွေမှာ ဝင်ပြီး မထိန်းချုပ်ဖို့ လိုပါတယ်။ ဒါဟာ ဘုရားဟောတဲ့ အလယ်အလတ် လမ်းစဉ်လည်း ဖြစ်ပါတယ်။ ပဉ္ဓမမဏ္ဍိုင် မြန်မာပြည် နိုင်ငံရေးမှာ နောက်ထပ် အရေးကြီးတဲ့ အင်အားစုက ကျောင်းသားတွေ ဖြစ်ပါတယ်။ မြန်မာပြည် ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းနဲ့ခွဲခြားလို့ မရပါဘူး။ ဒါကို အန်အယ်ဒီအစိုးရက အသိအမှတ်ပြုဖို့ လိုသလို ကျောင်းသားတွေဘက်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ်တွေ ပေါ်ပေါက်လာရေးလိုမျိုး အန်အယ်ဒီ အစိုးရရဲ့ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လက်တွေ့ကျပြီး ကျိုးကြောင်း ဆီလျော်တဲ့ တောင်းဆိုချက်တွေ ဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီအပြောင်းအလဲမှာ အရပ်သား ဒီမိုကရက်အချင်းချင်း ပြဿနာ ဖြစ်လေလေ အာဏာရှင် ဘက်သားတွေ အခွင့်သာလေလေ ဖြစ်သွားတဲ့ သင်ခန်းစာတွေကို မမေ့ဖို့ လိုပါတယ်။ ၂၀၂၁ မှာ ပြန်စမယ့် အန်အယ်ဒီ လွှတ်တော်အနေနဲ့ အစောဆုံး ကိုင်တွယ်ရမယ့် ဥပဒေတွေထဲမှာ အဆင့်မြင့်ပညာရေးဥပဒေကိစ္စလည်း ပါဝင်သင့်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာလည်း သီးခြားစီ လွတ်လပ် နေရမယ်ဆိုပေမယ့် တချိန်တည်းမှာ အပြန်အလှန်ဖြည့်ဆည်းပေးရတဲ့ အပိုင်းလည်း ရှိပါတယ်။ မြန်မာပြည်မှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ တော်လှန်ရေးမှာ အာဏာရှင်ကို ဆန့်ကျင်ရာမှာ အရေးကြီးတဲ့ အခန်းက ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အဆင့်မှာတော့ အစိုးရကရော၊ အရပ်ဘက် အဖွဲ့အစည်းတွေဘက်ကရော နှစ်ဖက်စလုံးမှာ စဉ်းစားချက်အဟောင်းတွေကို သတိထားဖို့ လိုပါတယ်။ အတိုက်အခံဘ၀ကနေ အာဏာရလာတဲ့ နိုင်ငံရေးသမားတွေကလည်း အရပ်ဘက် အဖွဲ့အစည်းတွေကို ပြဿနာ ရှာသူတွေ၊ ဒေါ်လာစားတွေ ဆိုပြီး ဘေးမဖယ်ထုတ်ဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန် ဖွံ့ဖြိုးသွားဖို့ ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းနေဖို့ လိုပါတယ်။   ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ဖယ်ထုတ်လိုက်ရင် ဆိုးရွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ဦးတည်သွားတတ်ပါတယ်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ ပညာရှင်တွေ ဖြစ်တဲ့ Juan J. Linz နဲ့ Alfred Stepan တို့က ဆိုပါတယ်။ ထင်ရှားအရပ်ဘက် အဖွဲ့အစည်းတွေဟာ အစိုးရအတွက် တခြားတဖက်က ဆင်ခြင်စရာ ပေါ်လစီတွေကို ချပြနိုင်တဲ့အတွက် အသွင်ကူးပြောင်းရေးအတွက် မောင်းနှင်အားနဲ့ အထောက်အပံ့ဖြစ်စေတာကို နားလည်ရပါမယ်။ ဒီမိုကရေစီအတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ (တနည်း) လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဟာ တိုင်းပြည်ရဲ့ ယန္တရားတွေကို တရားနည်းလမ်းတကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအတိုင်း စီမံပိုင်ခွင့်ရဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားနည်းလမ်းတကျဖြစ်အောင် ပြင်ဆင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါနဲ့ မပြီးသေးပါဘူး။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာ လူတစ်ဦးချင်စီရဲ့ အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အလေးထားဖို့ လိုပါတယ်။ အကာအကွယ်ပေးဖို့ လိုပါတယ်။  ဆိုခဲ့တဲ့ ပြဿနာတွေဟာ အစိုးရသစ်ကို နှစ်သစ်မှာ စောင့်ကြိုနေပါတယ်။ ကျန်ခဲ့တဲ့ ငါးနှစ်တာဟာ အန်အယ်ဒီ အစိုးရအတွက် မုဆိုးစိုင်သင် အုပ်ချုပ်ရေး အတွေ့အကြုံယူတဲ့ ကာလဖြစ်ပြီး၊ ရှေ့လာမယ့် နှစ်တွေကတော့ နိုင်ငံရေးအပြောင်းအလဲတွေကို ထိထိရောက်ရောက် ဖော်ဆောင်ဖို့ အချိန်ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်သူကလည်း အပြည့်အ၀ တာဝန်အပ်နှင်းထားပြီး ဖြစ်ပါတယ်။   နေသွင်ညိဏ်း
2 months Ago
Up