ကြားဖြတ်သမ္မတ ပြော

January 25, 2020

ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဘိုလီးဗီးယား ကြားဖြတ်သမ္မတ ပြော

ဘိုလီးဗီးယား ကြားဖြတ်သမ္မတ ဂျန်နင်းအန်းနက်စ်က မေလ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဇန်နဝါရီလ ၂၄ ရက်က  ကြေညာလိုက်ပါတယ်။  အောက်တိုဘာ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် ရလဒ်တွေ ထွက်ခဲ့ပြီး အီဗိုမိုရာလက်စ် ရာထူးက နုတ်ထွက်ခဲ့ရတာကြောင့် မေလမှာ ရွေးကောက်ပွဲ ပြန်လုပ်မှာ ဖြစ်ပါတယ်။ မြို့တော် လာပါ့ဇ်မှာ လုပ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ တွေ့ဆုံပွဲ အခမ်းအနားမှာ ကြားဖြတ်သမ္မတ အန်းနက်စ်က ဘိုလီးဗီးယားနိုင်ငံကို စည်းလုံးအောင် မဆောင်ကြဉ်းနိုင်တဲ့  ကွဲပြားဆန္ဒမဲတွေနဲ့ ကွဲပြားကိုယ်စားလှယ်တွေကြောင့် သူ့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သမ္မတ မိုရာလက်စ်၊ ဒုသမ္မတ ဂါစီယာလင်နီယာနဲ့ ဆိုရှယ်လစ်ပါတီက တခြား လွှတ်တော်အမတ်တွေ ရာထူးက နုတ်ထွက်သွားခဲ့ပြီးနောက် ကြားဖြတ်ခေါင်းဆောင်အဖြစ် သတ်မှတ်တဲ့ ဖွဲ့စည်းပုံဥပဒေအရ အထက်လွှတ်တော်အမတ် အန်းနက်စ်က ပြီးခဲ့တဲ့  နိုဝင်ဘာလမှာ ကြားဖြတ်သမ္မတ ရာထူးကို လက်ခံခဲ့ပါတယ်။ နိုင်ငံရေးလောကကို မဝင်ရောက်ခင်က ရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ ရှေ့နေလုပ်ခဲ့တဲ့ အန်းနက်စ်ဟာ မိုရာလက်စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦး ဖြစ်ပါတယ်။ အန်းနက်စ်ရဲ့ ကြားဖြတ်အစိုးရဟာ မိုရာလက်စ် လက်ထက်က မူဝါဒတွေနဲ့ လုံးဝ ကွဲလွဲတဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးတာကြောင့် ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။  သူ့အစိုးရဟာ ဘိုလီးဗီးယားရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အမေရိကန်အစိုးရနဲ့ သံတမန်ဆက်ဆံရေး ပြန်ထူထောင်ခဲ့ပါတယ်။
1 year Ago
Up