ကြားဖြတ်သန်းခေါင်စာရင်

A d v e r t i s e m e n t With Us

August 30, 2020

ကြားဖြတ်သန်းခေါင်စာရင်း တွေ့ရှိချက် ရှေ့ပြေးအစီရင်ခံစာ သြဂုတ် ၃၁ ရက် ထုတ်ပြန်မည်

၂၀၁၉ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတဝန်း ကောက်ခံထားတဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရဲ့ တွေ့ရှိချက် ရှေ့ပြေးအစီရင်ခံစာကို သြဂုတ် ၃၁ ရက်နေ့ ထုတ်ပြန်သွားမယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက သိရပါတယ်။  လက်ရှိမှာ ကောက်ယူခဲ့ပြီးတဲ့ စာရင်းအချက်အလက်ပြုစုတဲ့ လုပ်ငန်းတွေပြီးဆုံးတာမို့ ရှေ့ပြေးအစီရင်ခံစာကို ကနဦးထုတ်ပြန်ဖို့ စီစဉ်နေတာပါ။  ကြားဖြတ်သန်းခေါင်စာရင်းမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတုန်းကထက် မေးခွန်းအရေအတွက် သုံးဆခန့် ပိုများထားပါတယ်။  ဒါ့ကြောင့် အခုထုတ်ပြန်မယ့် ရှေ့ပြေးအစီရင်ခံစာမှာ အချက်အလက်တွေက ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထက် ပိုများမှာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်မှုအပေါ် အထောက်အကူပြုတဲ့ အချက်အလက်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဇာခြည်
6 months Ago

January 3, 2020

စစ်ကိုင်းတိုင်းတွင် ကြားဖြတ်သန်းခေါင်စာရင်း စတင်ကောက်ယူ

စစ်ကိုင်းတိုင်းအတွင်း ခရိုင် ၁၀ ခုမှာ ကောက်ကွက်ပေါင်း ၄၉၉ ကွက်ကို စာရင်းစစ် ၇၃ ဦး၊ စာရင်းကောက် ၂၄၂ ဦးက တာဝန်ယူကာ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ၂ ပတ်ကြာ ကြားဖြတ်သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် ပြောင်းလဲမှုတွေကို နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (myanmar sustainable development plan - msdp) ကို အကောင်အထည်ဖော်ရာမှာ လိုအပ်နေတဲ့ အညွှန်းကိန်းများရရှိနိုင်ရေး အထောက်အပံ့ဖြစ်စေရန်၊ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ကြားဖြတ်လူဦးရေးသန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်လာတဲ့အတွက် ကောက်ယူရတာလို့ တိုင်းလဝက ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို စာရင်းကောက်ကွက်တကွက်မှာ အိမ်ထောင်စု ၃၅ စုပါရှိမှာ ဖြစ်ပြီး အခန်း ၁၂ ခန်း၊ မေးခွန်ပုံစံ ၁၁၀ ပါရှိပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က ၄၁ ချက်ပါ မေးခွန်းစာရွက်တွေနဲ့ ကောက်ယူခဲ့ပြီး အခုကြားဖြတ်ကောက်ယူရာမှာတော့ တက်ဘလက်တွေအသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတဦးချင်း မေးမြန်းစာရင်းကောက်ယူတဲ့ စနစ် (Computer Assisted Personal Interviewing- CAPI)ကို အသုံးပြုနေတာဖြစ်ပါတယ်။ စာရင်းကောက်ယူရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အခက်အခဲမရှိဘူးလို့ ကောလင်းမြို့နယ် လဝက တာဝန်ရှိသူက ပြောပါတယ်။ "အခက်အခဲကတော့ ထွေထွေထူးထူးမရှိပါဘူး။ ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ကူညီကြတဲ့အတွက် အားလုံးအဆင်ပြေ ပါတယ်။ ပထမရက်မှာတော့ ကောလင်းမြို့ပေါ် ၂ ရပ်ကွက်ကို စကောက်နေပြီ။ ၁ ရပ်ကွက်ကို ၃၅ အိမ်ကောက်ရမှာ ၂၇ လောက်စီပြီးတယ်။ ၂၀၁၄ နဲ့ နှိုင်းယှဉ်ချက်တွေကတော့ အားလုံးပြီ်းမှပဲ သိနိုင်မှာပါ။"လို့ ကောလင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှုး ဦးရဲဇော်ဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှာ အသုတ်လိုက်ခွဲပြီး တနိုင်ငံလုံးမှာ ရွေးချယ်ကောက်ကွက်ပေါင်း ၄ ထောင်ကျော်ကို ကောက်ယူမှာဖြစ်ပါတယ်။  အဲဒီထဲက တတိယသုတ်အနေနဲ့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်ကနေ ၁၅ ရက်အထိ စတင်ကောက်ယူနေပြီလည်း ဖြစ်ပါတယ်။
1 year Ago
Up