ကြားဖြတ်တိုက်ခိုက်ခံရ

May 25, 2021

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း  ဆန်တက်လာနဲ့ အကြမ်းဖက် စစ်‌ကောင်စီရဲ့ ရေယာဉ်တွေကို   အမည်မသိလက်နက်ကိုင်အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ကျေးရွာနေ ရွာသားတစ်ဦးက “မော်တော် ၅ စီးကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ အဖွဲ့တစ်ဖွဲ့က ဖြတ်တိုက်နေတယ်ဗျ။ မနက်ခင်းကတည်းက သေနတ်သံတွေ ဆူညံနေတယ်။ ကျနော်တို့ ရွာသားတွေကတော့ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက မြွေပိုင်းတောင်အနီးမှာ ဖြစ်နေ ကြတာ။ အဲဒီတောင်အနီးမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်း၊ ရိက္ခာများ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၂ စီးနဲ့  ဖလက်မော်တော် ၃ စီးကို  ဖြတ်တိုက်နေတာနဲ့ တူတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဖြစ်တာတော့ မဟုတ်ဘူးဗျ။ ဘယ်က လာတိုက်တဲ့အဖွဲ့လဲ မသိဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်မှာ မေလ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အင်အား အလုံးအရင်းနဲ့ ကျေးရွာတချို့မှာ ဝင်ရောက်တပ်စွဲကာ ပစ္စည်းတွေကို မွှေနှောက် ရှာဖွေ ဖျက်ဆီးယူဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့ မေလ ၂၄ ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ကင်းရွာက ရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး လူဦးရေ ၃၀၀၀ ဝန်ကျင်းအထိ တောထဲမှာ ရှောင်တိမ်းနေကြရပါတယ်။

6 months Ago

April 13, 2021

ပူတာအိုခရိုင်၌စစ်ကား ၁ စီး မိုင်းခွဲခံရ၊ စစ်ကူကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံး

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခင်ဒူရန်နဲ့ ဖုန်ကျန်းကြားမှာ မြစ်ကြီးနားဘက်က တက်လာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့ ကားတစီး ဧပြီ ၁၃ ရက် ရက် ဒီကနေ့မှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ မြစ်ကြီးနားဘက်က တက်လာတဲ့ စစ်သားတွေပါလာတဲ့ကားကိုကို ကေအိုင်အေဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ပူတာအိုဘက်က လာတဲ့ စစ်ကူကားကလည်း ဆွမ်ပီယာန်ရွာနားလေးမှာတင် ကြားဖြတ် တိုက်ခိုက်ခံလို့   ၁၀ ယောက်လောက် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မြစ်ကြီးနားဘက်ကနေ အိမ်စီးကားတွေနဲ့ ပူတာအိုဘက်ကို တက်လာတဲ့အချိန်မှာ ကေအိုင်အေဘက်ကလမ်းမှာ စောင့် ကြားဖြတ်တိုက်ခိုက်‌ခဲ့ပြီး ပူတာအိုဘက်က စစ်ကူကားကိုလည်း တိုက်ပွဲဖြစ်တဲ့နေရာ မရောက်ခင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ခုလို စစ်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ သတင်းတွေကို စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ထုတ်လွှင့်ခြင်း မရှိသေးပါဘူး။ 

8 months Ago
Up