မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန် ကြံ့ချိုတွေကို ဖမ်းမိခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ဒီကနေ့ ပြောပါတယ်။
မိုဇမ်ဘစ်နိုင်ငံကနေ ကာတာလေကြောင်းလိုင်းကို သုံးပြီး ဧပြီ ၇ ရက်နေ့က ရောက်လာလို့ သိမ်းဆည်းလိုက်တယ်လို့လည်း ပြောပါတယ်။
၂၀၁၇ ဇန်နဝါရီကလည်း ဒီလေဆိပ်မှာပဲ ဆင်စွယ်တွေ ၈၄၆ ကီလိုကို ဖမ်းမိခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
အလေးချိန် ၅၁ ဒသမ ၅ ကီလိုရှိတဲ့ ကြံ့ချို ၁၈ ခုကို တွေ့ခဲ့တယ်လို့ လေဆိပ် အကောက်ခွန်ညွှန်မှူး ဟမ်ဇာ ဆန်းဒန်က ပြောပါတယ်။
ဒီကြံ့ချိုတွေကို အနုပညာလက်ရာတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာရွက်စာတမ်းတွေ အတုသုံးပြီး တင်သွင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဒီအမှုကို စုံစမ်းစစ်ဆေးနေပြီး သံသယရှိသူ ဘယ်သူ့ကိုမှ ရှာမတွေ့၊ မဖမ်းမိသေးပါဘူး။
ကြံ့ချိုတွေကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု မလုပ်ဖို့ ကုလသမဂ္ဂညီလာခံက တားမြစ် ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် တချို့ အာရှနိုင်ငံတွေက ကြံ့ချိုကို ထုံးတမ်းစဉ်လာ ပရဆေးအဖြစ် တန်ဖိုးထား သုံးစွဲပါတယ်။
ကမ္ဘာပေါ်မှာ ကြံ့ကောင်ရေ ၂ သောင်း ၉ ထောင်သာ ကျန်တော့တယ်လို့ နိုင်ငံတကာ ကြံ့ဖောင်ဒေးရှင်းက ဆိုပါတယ်။
4 years Ago