ကွာလာလမ်ပူရှိ

February 25, 2017

ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးရှေ့တွင် မလေးနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မလေးရှားနိုင်ငံသားတွေ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက မြောက်ကိုရီးယားအနေနဲ့ မလေးရှားနိုင်ငံကို လေးစားဖို့နဲ့ မလေးရှားအစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူအများစုဟာ မလေးရှားရဲ့ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ လက်ရှိအုပ်ချုပ်ရေးပါတီ ယူအမ်အန်အို အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ကင်ဂျုံနမ် သေဆုံးမှုအတွက် မလေးရှားအစိုးရကိုသာ အပြစ်တင်ရမယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံဌာနက ထုတ်လွှင့်ကြေညာခဲ့ပြီး မြောက်ကိုရီးယား သံအမတ်ကလည်း ကင်ဂျုံနမ် အသတ်ခံရတဲ့အပေါ် မလေးရှားအစိုးရရဲ့ ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီအတွက် မလေးရှားနိုင်ငံသားတွေ အခုလို ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ရောက်ရှိနေတဲ့ ယူအမ်အန်အို ပြောခွင့်ရပုဂ္ဂိုလ်က “မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကနေ နှစ်ဘက်အကျိုးရှိတာကို နားလည်ပေမယ့် မလေးရှားနိုင်ငံနဲ့ မလေးရှားပြည်သူတွေကို မလေးစားတဲ့ လုပ်ရပ်မျိုးကို လက်ခံမှာမဟုတ်ကြောင်း” ကြေညာချက်ဖတ်ပြီး အသိပေးသွားပါတယ်။ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းရဲ့အကို ကင်ဂျုံနမ် ကွာလာလမ်ပူမှာ အသတ်ခံရပြီးကတည်းက မလေးရှားနဲ့ မြောက်ကိုရီးယားအကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ပြီး ပြုံယမ်းရှိ မလေးသံအမတ်ကို မလေးရှားအစိုးရက ပြန်လည်ခေါ်ယူထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up