၂၀၀၀ ပြည့်နှစ် ရူပဗေဒ နိုဘယ်လ်ဆုရှင် နဲ့ ရုရှားလွှတ်တော် အမတ်တဦးဖြစ်သူ ဇိုးရက်ဆက်ဖာရော့ဗ်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ရုရှားကွန်မြူနစ်ပါတီက မတ် ၂ ရက်နေ့မှာ ပြောကြားပါတယ်။
ကွန်ပျူတာ၊ စီဒီပလေယာနဲ့ မိုဘိုင်းဖုန်းတွေရဲ့ ရှေ့ဆောင်လမ်းပြ ၁၉၇၀ ၀န်းကျင် အိုင်တီ နည်းပညာရပ်မှာ သူရဲ့သုတေသနကို အသိမှတ်ပြုချီးမြှင့်တဲ့ ဆုငွေ အမေရိကန် ဒေါ်လာ ၁ သန်း နီးပါးကို ဆက်ဖာရော့ဗ်ဟာ အမေရိကန် သိပ္ပံပညာရှင် နှစ်ဦးနဲ့အတူ ပူးတွဲရခဲ့ပါတယ်။
ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန် ယုံကြည်သူ တဦးဖြစ်တဲ့ ဆက်ဖာရော့ဗ်ကို ဆိုဗီယက်ယူနီယံဝင် ဘယ်လာရုစ်မှာ ၁၉၃၀ ခုနှစ်က မွေးဖွားခဲ့ပါတယ်။
သူရဲ့ လုပ်ဆောင်ချက်ကြောင့် သိပ္ပံဆိုင်ရာ ဆုတံဆိပ် အများအပြားရခဲ့ပြီး သူဟာ အမေရိကန် အမျိုးသားသိပ္ပံအသင်း အပါအ၀င် သုတေသန အဖွဲ့တွေရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။
သူဟာ ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ်နောက်ပိုင်း နိုဘယ်လ်ဆုရတဲ့ ပထမဆုံး ရုရှားလူမျိုးလည်း ဖြစ်ပါတယ်။
သူ့ရဲ့ နိုဘယ်လ်ဆုလက်ခံ မိန့်ခွန်းမှာ သူက “၂၀ ရာစုမှာ ရူပဗေဒ ပညာရပ်ဟာ လူသားမျိုးနွယ်ဆီကို ကောင်းခြင်းနဲ့ ဆိုးခြင်း နှစ်ခုစလုံးကို ဆောင်ယူလာပြီး လူထုဆက်သွယ်ရေး နည်းပညာဟာ မသူတော်တွေလက်ထဲ တလွဲအသုံးချခံရနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။
4 years Ago