ကွမ်းနုဝါ

July 13, 2019

မြင်းခြံ​​ဒေသထွက်​ ကွမ်းနုဝါ​ဈေး ဆက်​တိုက်​ကျဆင်း​၊ တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်း​၊ မြင်းခြံမြို့နယ်​ အနီးတဝိုက်​​ဒေသ​တွေမှာ စိုက်​ပျိုးကြတဲ့ ကွမ်းနုဝါ ​ဈေးနှုန်း​တွေဟာ ဆက်​တိုက်​ကျဆင်း​နေတာ​ကြောင့်​ ကွမ်းစိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ အရှုံးပေါ်နေတယ်လို့ ကွမ်းနုဝါစိုက်​ပျိုးတဲ့ ဝက်​လူး​ကျေးရွာမှ ​တောင်​သူ ဦး​ဇော်​မိုးက ​ပြောပါတယ်​။ "ခုဆိုရင်​ ဒီ​ဒေသက မိုးအရမ်း​ခေါင်​​တော့ အခြားသီးနှံစိုက်​ပျိုးလို့မရ​တော့ဘူး၊ ဒါ​ပေမယ့် ကွမ်းက နှစ်​ရှည်​ပင်​ဖြစ်​တဲ့အတွက်​ ​ရေသွင်းပြီးစိုက်​ကြရတယ်​။ စက်​နဲ့​ရေးသွင်းရတဲ့ စရိတ်​​တွေ အလုပ်​သမားခ​တွေ၊ ​မြေသြဇာ​ဈေး​တွေကကြီး​တော့ ကုန်​ကျစရိတ်​​တွေကများပါတယ်​။ ခုဆို ကွမ်းရွက်​​ဈေးနှုန်းက ကျ​နေ​တော့ အရှုံးဖြစ်​​နေတယ်​။ အခြားသီးနှံနဲ့စာရင်​ ကွမ်းက​တော့ တ​နှစ်​ပတ်​လုံး ထွက်​ရှိ​နေ​တော့ ပုံမှန်​ဝင်​​ငွေရတယ်​ဆိုပြီး စိုက်​ပျိုးကြတာလို ဒီဗွီဘီကို​ပြောပါတယ်​။ ကွမ်းနုဝါ​တွေကို မြင်းခြံမြို့နယ်​ နဲ့ နွားထိုးကြီးမြို့နယ်​​တွေမှာ စိုက်​ပျိုး​နေကြတာပါ။ ကွမ်းရွက်​​ရောင်းဝယ်​​ရေးပွဲရုံမှ မခိုင်​က "ကွမ်း​ဈေး​တွေက ဆက်​ကျဖို့ရှိတယ်​၊ ​ဆောင်းရာသီဆိုရင်​​တော့ ပြန်​ပြီး ​ဈေးနှုန်းမြင့်​လာတက်​ပါတယ်​။ ပြီးခဲ့တဲ့ တပိုတွဲ၊ တ​ပေါင်း၊ တန်​ခူးလ​တွေက ကွမ်းရွက်​ ၁ ​ပိဿာကို ၁ ​သောင်း​ကျော်​အထိ ဖြစ်​ခဲ့တယ်​။ အဲ့​နောက် ​ကွမ်းရွက်​အထွက်​များလာတာရယ်​၊ အ​ရောင်းအဝယ်​မ​ကောင်းတာရယ်​​ကြောင့်​ ကွမ်း​ဈေး​တွေ ဆက်​တိုက်​ကျလာတာ” လို့ ပြောပါတယ်။ မြင်းခြံမြို့မှာ ​နေ့စဉ်​ ကွမ်းပိဿာချိန်​ ၅၀၀၀ ခန့်​ ဝင်​​ရောက်​​နေပြီး မိတ္ထီလာ၊ ​ကျောက်​ပန်း​တောင်းနဲ့ အခြားမြို့နယ်​​တွေကိုပါ တင်​ပို့​ရောင်းချ​နေကြတာ ဖြစ်​ပါတယ်​။ လက်​ရှိ ကွမ်းနုဝါ ၁ ပိဿာ ​ပေါက်​​ဈေးဟာ အနုအကြမ်း​ပေါ်မူတည်​ပြီး ၁၂၀၀ ကျပ်​မှ ၁၃၀၀ ကျပ်​တို့နဲ့ ​ရောင်းချ​နေကြတာပါ။ သတင်း၊ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
2 years Ago

June 26, 2018

မြင်းခြံ ကွမ်းနုဝါ​များ လူကြိုက်များ၍ ဈေး​ကောင်းရရှိနေ

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ ကွမ်းနုဝါ​တွေကို လူကြိုက်​များ နေပြီး ​ဈေး​ကောင်းရရှိ​နေတယ်​လို့ ကွမ်းနဲ့ ကွမ်းယာပစ္စည်း အ​ရောင်းဆိုင်​တွေထံက သိရပါတယ်​။ အခုလ​ပိုင်းတွေမှာ  ကွမ်းရွက်​အများအပြား ထွက်​ရှိ​နေကာ ​ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ ကွမ်းနုဝါ​တွေဟာ လူကြိုက်​များ​နေတာ​ကြောင့် ​ဈေး​ကောင်းရရှိ​နေပြီး မြင်းခြံမြို့​ပေါ်မှာ ​နေ့စဉ်​ ကွမ်းရွက်​ ပိသာချိန်​ ၅၀၀၀ ခန့်​ ဝင်​​ရောက်​မှုရှိ​နေတာ ဖြစ်​ပါတယ်​။ ကွမ်းရွက်​အ​ရောင်းဆိုင်​ ဖွင့်လှစ်လုပ်ကိုင်တဲ့  မခိုင်​က "ခုချိန်​က ကွမ်းရွက်​​ပေါချိန်​လည်း ဖြစ်​တယ်​။ အဓိက မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်​​တွေက ကွမ်းရွက်​ အများဆုံးထွက်​တာ​ပေါ့။ ကွမ်းရွက်​အရည်​အသွေးကလည်း​ ကောင်း​တော့ ​ရောင်းချတဲ့​ နေရာမှာလည်း ​ဈေး​ကောင်းရရှိတယ်​။ ကွမ်းစိုက်​ပျိုးတဲ့​ တောင်​သူ​တွေလည်း ဝင်​​ငွေ​ကောင်းရရှိ ​တော့ ကိုက်​ညီမှုရှိတာ​ပေါ့။ မြင်းခြံကွမ်း​တွေကို ​တောင်​ကြီး၊ ကျောက်​ပန်း​တောင်း၊ မိတ္ထီလာ စတဲ့ မြို့​တွေ တင်​ပို့ရတဲ့အပြင်​ အခြားမြို့​တွေကပါ ကြိုက်​နှစ်​သက်​ကြ​တော့ ရောင်းအားလည်း ပို​ကောင်းတယ်​”လို့ ပြောပါတယ်​။ ကွမ်းရွက်​ပင်​ စိုက်​ပျိုးတဲ့​နေရာမှာ သန့်​ရှင်းသပ်​ရပ်​ဖို့က အ​ရေးကြီးပြီး အေးလွန်းတဲ့ ရာသီဥတုနဲ့ မိုးများလွန်းရင်​လည်း ကွမ်းပင်​​တွေက မကြိုက်​နှစ်​ဘူးလို့ သိရပါတယ်​။ "ကွမ်းပင်​စိုက်​ပျိုးလာတာ ၇ နှစ်​ရှိပါပြီ၊ ကွမ်းပင်​ကို စိုက်​ပျိုးပြီး အနည်းဆုံး ၆ လ ​ကျော်​ရင်​ အရွက်​ခူးလို့ရ​နေပြီ။ ကွမ်းရွက်​​ဈေးက ​ဆောင်းတွင်းပိုင်​​တွေမှာ ​ဈေး​ကောင်း ပိုရရှိတယ်​။ အပင်​ရှင်​သန်​ပြီး ​ရောဂါပိုးမွှားမကျ​ရောက်​​အောင်​ ​သေချာဂရုစိုက်​ရတယ်​။ အဓိ​က မြေသြဇာ က​တော့ ဆိတ်​​ချေးနဲ့ နွား​ချေးကိုပဲ သုံးပါတယ်​။ ကွမ်းစိုက်​ရတာ အခက်​အခဲသိပ်တော့မရှိပဲ ​တောင်​သူ​တွေအတွက်​ ကွမ်းပင်​စိုက်​ပျိုးရတာ အကျိုးအမြတ်​ရှိတယ်​”လို့ ကွမ်းပင်​စိုက်​ပျိုးတဲ့ ဦး​ကျော်​​ဌေး က ဆိုပါတယ်​။ ​ဆောင်းတွင်းကာလမှာ ကွမ်းရွက်​အထွက်​နှုန်း နည်းတာမျိုး ဖြစ်​​စေတတ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်​ဘာလ​တွေမှာ ကွမ်းရွက်​ ၁ ပိဿာကို ၂၂၀၀၀ ကျပ်​အထိ ​ဈေးမြင့်တက်​ခဲ့ပါတယ်​။ လက်ရှိ ကွမ်းရွက်​ ၁ ပိဿာကို အမျိုးအစားလိုက်​ပြီး အနည်းဆုံး ၄၀၀၀ ကျပ်​မှ ၅၅၀၀ ကျပ်​အထိ ​ရောင်းချ​နေရတယ်​လို့ သိရပါတယ်​။ ရီရီထွန်း (မြင်းခြံ)
3 years Ago
Up