ကွန်တိန်နာယာဉ်

October 11, 2018

ကမ်းနားလမ်းတွင် ကွန်တိန်နာယာဉ်များ ရပ်တန့်ဆန္ဒပြမှုကြောင့် ယဉ်ကြောပိတ်

ရန်ကုန်မြို့ ကမ်းနားလမ်းမမှာ မနေ့ညက သတ်မှတ်ချိန်အတွင်း မမောင်းနှင်တဲ့ ကွန်တိန်နာယာဉ်တွေကို ယာဉ်ထိန်းရဲက တားဆီးရာမှ ကွန်တိန်နာယာဉ်တွေ လမ်းမပေါ် ရပ်တန့်ပြီး ဆန္ဒပြနေလို့ ဒီနေ့မနက်ပိုင်းအထိ ယာဉ်ကြောပိတ်ဆိုမှုတွေ ဖြစ်နေပါတယ်။ ည ၈ နာရီကနေ မနက် ၆ နာရီ ကွန်တိန်နာကားထွက်ချိန်သတ်မှတ်ထားရာကနေ ည ၉ နာရီကနေ မနက် ၅ နာရီသို့ ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ကွန်တိန်နာယာဉ်တွေ အချိန်မီသွားလာဖို့ အဆင်မပြေလို့ အခုလို ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ကွန်တိန်နာယာဉ်မောင်းတဦးက "အဆင်မပြေဘူးဆိုတာက ကမ်းနားဈေးပိတ်တာရှိတယ်၊ ဈေးသစ်ပိတ်တာရှိတယ်။ ကျနော်တို့က အဲဒါကို ရှင်းပေးစေလိုတယ်။ ကျနော်တို့တွေ ညကိုထွက်တော့ ၀န်ဆောင်မှုတော့ ပေးသင့်တယ်။ အဓိကပြဿနာတက်တာက ကမ်းနားဈေး (ငါးဈေး) တက်တယ်၊ ပြီးတော့ သီရိမင်္ဂလာဈေး။ အဲဒီမှာတင်ကို ၂ နာရီလောက် အချိန်ကုန်သွားတယ်။ တခါတလေ ၃ နာရီလောက် ငါးဈေးကိုရောက်တယ်။ အဲဒါဆို မိုးလင်းသွားပြီ၊ မိုးလင်းသွားတော့ လာတော့ ဒီဘက်မှာ ရဲတွေ့ရင် ကျနော်တို့ အဖမ်းခံရတယ်။ အဲဒီအခက်အခဲတွေရှိတယ်။ ကျနော်တို့ တတ်နိုင်သလောက် မောင်းကြည့်တယ်၊ ဒါပေမယ့် မရတဲ့အဆုံးမှာ ဒီလိုလုပ်တာပါ။" လို့ ပြောပါတယ်။ ကမ်းနားလမ်း (ဟုန်းလမ်းအနီး) ကစတင်ပြီး ကွန်တိန်နာကားတွေ မထွက်ကြဘဲ ကားသမားတွေအားလုံး လမ်းမပေါ်မှာ စုဝေးဆန္ဒပြနေကြတာပါ။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ကစတင်ကာ ခြောက်ဘီးအထက်ကုန်တင်ယာဉ်တွေကို ည ၈ နာရီကနေ နောက်နေ့မနက် ၆ နာရီထိသာ မောင်းနှင်ခွင့်ပြုရန်တိုင်း အစိုးရက သတ်မှတ်ထားတာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့က ည ၉ နာရီမှ မနက် ၆ နာရီ သတ်မှတ်လိုက်တာကြောင့် ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။ ကားသမားတွေစည်းလုံးရေး၊ ၂၄ နာရီ မောင်းခွင့်ပေး စတဲ့ ကြွေးကြော်​သံတွေ ရွတ်ဆိုပြီး ကွန်​တိန်​နာယာဉ်​မောင်းတွေဟာ အောက်​တိုဘာ ၁၀ ရက်​ ည ၁၀ နာရီခွဲလောက်ကနေ ဒီကနေ့ အောက်​တိုဘာ ၁၁ ရက်​နေ့ အထိ ဆက်​လက်​တောင်းဆိုဆန္ဒပြနေကြပါတယ်။
3 years Ago
Up