ကွန်ဂိုတွင် အစုအပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းဂူ ၃၈ ခု ထပ်တွေ့

July 13, 2017

ကွန်ဂိုတွင် အစုအပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းဂူ ၃၈ ခု ထပ်တွေ့

ကွန်ဂိုနိုင်ငံ ခါဆိုင်းဒေသမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူ ၃၈ ခုကို  ကုလသမဂ္ဂက ဇူလိုင် ၁၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ အခုတွေ့ရှိချက်အရ အစုအပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူ စုစုပေါင်း ၈၀ ထိ ရှိသွားပြီဖြစ်ပါတယ်။ ကွန်ဂိုနိုင်ငံ ခါဆိုင်းဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဖြစ်ပွားခဲ့တဲ့ ကာမူနာ ပြည်သူ့စစ်အဖွဲ့ရဲ့ ပုန်ကန်မှုကြောင့် လူ ၃,၃၀၀ လောက် သေဆုံးခဲ့ပြီး ၁ ဒသမ ၄ သန်း အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖိန်းဒူဂျာရစ်က “ကွန်ဂိုနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ခါဆိုင်းဒေသက နေရာလေးခုလောက်မှာ လူအစုလိုက် မြှုပ်ထားတယ်လို့ ယူဆရတဲ့ သင်္ချိုင်း ၃၈ ခုကို တွေ့ခဲ့ပါတယ်။ ဒီနေ့ထိ တွေ့ရှိထားတာဆိုရင် သင်္ချိုင်းလို့ ယူဆထားတဲ့နေရာ ၈၀ လောက် ရှိနေပါပြီ။ ကုလသမဂ္ဂအနေနဲ့ ခါဆိုင်းဒေသမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အလေးထား ဖော်ထုတ်ရေးနဲ့ အစိုးရစစ်သားတွေဘက်က လက်လွတ်စပယ် ပြစ်မှုကျူးလွန်နေတာကို  ဆန့်ကျင်ရေးကိစ္စတွေအပေါ် ကူညီသွားမယ်” လို့  ပြောကြားသွားပါတယ်။
5 years Ago
Up