ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကုလသမဂ္ဂစုံစမ်းရေးမှူးနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး စုံစမ်းပေးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အထွေထွေအတွင်းရေးမှူးချုပ်ကို သြဂုတ် ၁၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က ကုလသမဂ္ဂ စုံစမ်းရေးမှူး မိုက်ကယ်ရှပ်နဲ့ ဇိုင်ဒါကတ်တယ်လန်တို့ဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကာဇိုင်းဒေသမှာ အသတ်ခံခဲ့ရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုသံအမတ်ကြီး မီရှယ်ဆစ်ဆန်က “ကုလသမဂ္ဂ အမှုထမ်းတွေ အသတ်ခံရတာကို သက်ဆိုင်ရာ အစိုးရစုံစမ်းရေးလောက်နဲ့ အဆုံးသတ်လွှို မဖြစ်ပါဘူး။ ဒီအမှုနဲ့ သက်ဆိုင်တဲ့ အဖြစ်မှန်တွေကို ဖော်ထုတ်ပေးမယ့် စစ်မှန်တဲ့ စုံစမ်းရေးလိုအပ်ပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ စုံစမ်းရေးပြုလုပ်မယ့် ရည်ရွယ်ချက်ကို ကြိုဆိုပါတယ်။ ဒီစုံစမ်းရေးကို အမြန်ဆုံးပြုလုပ်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် ဒုသံအမတ်ကြီး အန်းဂီဂင်က “ဒီကိစ္စမှာ အမှန်တရား အတိုင်းဖြစ်စေဖို့အတွက် ထိရောက်တဲ့ စုံစမ်းရေးတွေ ဆောင်ရွက်နိုင်တဲ့ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ စည်းပေးဖို့ အတွင်းရေးမှူးချုပ်ကို တောင်းဆိုပါတယ်” လို့ ပြောကြားပါတယ်။
ကုလသမဂ္ဂဆိုင်ရာဗြိတိန် ဒုသံအမတ်ကြီး ဂျွန်နသန် အယ်လင်က “အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စုံစမ်းရေးပြုလုပ်မယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဇိုင်ဒါနဲ့ မိုက်ကယ်တို့အတွက် အမှုမှန်ပေါ်ရေးနဲ့ ကမ္ဘာတ၀ှမ်းရှိကြတဲ့ ကုလအမှုထမ်းတွေရဲ့ လုံခြုံရေးအတွက် စုံစမ်းရေးကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ အခု လူသတ်မှုဖြစ်တာ ၅ လ ရှိသွားပါပြီ။ ခိုင်းစေတဲ့သူတွေ လွတ်နေဆဲပါပဲ” လို့ ပြောပါတယ်။
5 years Ago