အိန္ဒိယရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အဓိကအတိုက်အခံ ကွန်ဂရက်စ်ပါတီရဲ့ အကြီးအကဲက အခွန်စနစ်ကို ပြုပြင်ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံမှုတွေရအောင် လုပ်မယ်လို့ ကတိပြုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံ ကွန်ဂရက်စ်ပါတီက မေလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် (GST) ကို ပိုရိုးရှင်းလွယ်ကူအောင် ပြုပြင်မယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ဓမ္မဓိဋ္ဌာန်ကျတဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေကို ချမှတ်မယ်လို့ ပါတီအကြီးအကဲ ရာဟူးလ်ဂန္ဒီက ပြောပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာ မိုဒီရဲ့ အကြီးဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ GST ကို ၂၀၁၇ မှာ မိတ်ဆက်ခဲ့တာပါ။
ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် စည်းကြပ်ခွန်တွေ တဒါဇင်ကျော်ကို အစားထိုးခဲ့ပြီး အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံကို တညီတည်း ဖြစ်စေပါတယ်။ ဒါပေမယ့် လိုက်နာကျင့်သုံးရာမှာ ဗရမ်းဗတာဖြစ်ပြီး ရှုပ်ထွေးနေတာပါ။
ကျင့်သုံးအပြီး လပိုင်းအတွင်း စီးပွားရေးလုပ်ငန်းလေးတွေ ဆိုးဆိုးရွားရွား ထိခိုက်ပြီး သန်းနဲ့ချီတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။
ဒါဟာ မိုဒီအတွက် ပြန်ရွေးကောက်ခံနိုင်ဖို့ အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာပါတယ်။
နေရူး ဂန္ဓီ မျိုးဆက်ဖြစ်တဲ့ ရာဟူးလ်ဂန္ဓီကတော့ ပုံစံထုတ်မှု ညံ့ဖျင်းတဲ့ GST နဲ့ ငွေကြေး တားမြစ်ပိတ်ပင်မှုတွေလို စီးပွားရေး အကွက်ရွှေ့မှုတွေကြောင့် အိန္ဒိယမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ နှစ်ချီ ကျဆင်းနေတာလို့ ဒူဘိုင်းမြို့ဆီ အလည်အပတ်ခရီးစဉ် အတွင်းမှာ ပြောခဲ့ပါတယ်။
အလုပ်အကိုင်ဖန်တီးမှု၊ GST ကို ရိုးရှင်းလွယ်ကူအောင်လုပ်ဖို့၊ အိန္ဒိယအရန်ဘဏ်လို အဖွဲ့တွေကို ယုံကြည်မှု တည်ဆောက်ဖို့ဟာ သူ့ရဲ့ အဓိကဦးစားပေး ခေါင်းစဉ်တွေလို့လည်း ဂန္ဒီက ပြောပါတယ်။
ကွန်ဂရက်စ်ပါတီရဲ့ ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရောက် အိန္ဒိယနိုင်ငံသား ကွန်ဂရက်စ်က စီစဉ်တာပါ။ ဒီကွန်ဂရက်စ်မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံက အိန္ဒိယနိုင်ငံသားတွေ ပါပါတယ်။
ဂန္ဒီကတော့ သူ့ပါတီအတွက် ရန်ပုံငွေနဲ့ လူမှုကွန်ရက် ထောက်ခံမှုကို ရဖို့ နိုင်ငံခြားရောက် ချမ်းသာတဲ့ အိန္ဒိယနိုင်ငံသားတွေဆီ လက်လှမ်းမီဖို့ ကြိုးစားနေပါတယ်။
2 years Ago