တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ခရိုင် တောင်ထိပ်တခုပေါ်မှ ကွန်ကရစ်ကန်တကန်ထဲမှာ ၂ ရက်ကြာ ပိတ်မိနေခဲ့တဲ့ တောဆင်ရိုင်း ၃ ကောင်ကို သစ်တောဌာနရဲတွေက ကယ်တင်ခဲ့ကြရပါတယ်။
အရွယ်ရောက်ပြီးဆင် ၂ ကောင်နဲ့ ဆင်ပေါက်ကလေး ၁ ကောင်ဟာ အနက် ၅ မီတာရှိတဲ့ ရေကန်ထဲကနေ ပြန်မတက်နိုင်ခဲ့ကြဘဲ ရှိနေခဲ့ကြတာလို့ စီစီတီဗွီသတင်းမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
ရွာသားတွေရဲ့ သတင်းပေးချက်အရ ရဲတွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့ချိန်မှာတော့ အဆိုပါ တောဆင်ရိုင်း ၃ ကောင်ဟာ ကန်ထဲကနေတက်ဖို့ ကြိုးစားနေခဲ့ကြပြီး ကန်ဘေးမှာတော့ တခြားဆင်တွေဟာ အသံတွေပေးပြီး ကူညီအော်ဟစ်နေခဲ့ကြတာကို တွေ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အခြေအနေနဲ့ တခြားဆင်တွေက တိုက်ခိုက်မှာကို စိုးရိမ်ရတဲ့အတွက် ကယ်ဆယ်တာကို တရက်နောက်ဆုတ်ပြီး ရွှေ့လိုက်ရတာပါ။
ကယ်ဆယ်ရေးစတင်တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ရဲတွေဟာ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး ဗျောက်အိုးတွေဖောက်ကာ ကန်အနီးနားမှ ဆင်တွေကို ဖယ်ထုတ်ခဲ့ကြရတာပါ။
ကန်တွင်းပိတ်မိနေတဲ့ ဆင်တွေကိုလည်း ငှက်ပျောသီးနဲ့ တခြားစားစရာတွေ ကျွေးခဲ့ကြကာ အဆိုပါကန်ရဲ့ တဘက်ကို ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။
နေ့လယ်ပိုင်းမှာတော့ အောင်အောင်မြင်မြင်နဲ့ ဖျက်ထုတ်နိုင်ခဲ့ကာ ဆင်တွေဟာ အနီးနားက တောထဲကို ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အာရှတောဆင်ရိုင်းတွေဟာ တရုတ်နိုင်ငံရဲ့ ပထမတန်း ထိန်းသိမ်းကာကွယ်ထားတဲ့ အမျိုးအစားဖြစ်ပြီး ယူနန်ခရိုင်ထဲမှာတော့ တောဆင်ရိုင်းကောင်ရေ ၃၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
6 years Ago