ကွတ်ခိုင်

July 19, 2018

ကွတ်ခိုင်နှင့် လားရှိုးတွင် ငွေကျပ် သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့တွေမှာ  ငွေကျပ် ၁၉,၆၂၀ သိန်းဖိုး တန်ဖိုးရှိ ဘိန်းညိုမှုန့်တွေ ဖမ်းဆီးရမိခဲ့ပြီး  အမျိုးသား ၂ ဦးကို အရေးယူထားတယ်လို့ ရဲဇာနည် သတင်းမှာ ဖော်ပြပါတယ်။ ဇူလိုင် ၁၇ ရက်ည ၈ နာရီလောက်က ကွတ်ခိုင်မြို့အထွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်း၊ နမ့်ဟူးရွာနားမှာ ကျုံးလီခမ်း မောင်းနှင်လာတဲ့ TOYOTA LANDCRUISER ကားကို မူးယစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှာဖွေရာ မော်တော်ယာဉ်ရဲ့ တံခါးလေးဖက်၊ အင်ဂျင်ခန်း၊ မျက်နှာကြက်ခေါင်မိုး၊ ထိုင်ခုံကူရှင်၊ ဝဲ/ယာ ဘော်ဒီထဲမှာ သိုဝှက်ထားတဲ့ ဘိန်းညိုမှုန့် ၂၁၈ ထုပ် (အလေးချိန် ၂၁၈ ကီလို)ကို သိမ်းဆည်းရမိခဲ့တာပါ။ အမှုကွင်းဆက်ဖော်ထုတ်ချက်အရ ဇူလိုင် ၁၈ ရက်မွန်းလွဲ ၁၂နာရီခွဲလောက်မှာ လားရှိုးမြို့ နယ်မြေ(၅)၊ အမှတ်(၁၂)ရပ်ကွက်၊ ဈေးတန်းလမ်းနေ လော်ဖိန်း (ခ)စိုးနိုင်လင်း(ခ)လီလျိုဆူးကို နေအိမ်မှာ ဆက်လက်  ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လော်ဖိန်း(ခ)စိုးနိုင်လင်း(ခ) လီလျိုဆူး (၂၂-နှစ်)နဲ့ ကျုံးလီခမ်း(၂၅-နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - ရဲဇာနည်
3 years Ago

February 19, 2018

ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီး မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ သတင်းရရှိတာကြောင့် တပ်မတော်စစ်ကြောင်းတွေနဲ့ ဒေသခံ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းတွေက ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်ထိသွားရောက် ရှာဖွေရှင်းလင်းခဲ့တာပါ။ ရှာဖွေရှင်းလင်းရာမှာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ယာယီအဆောက် အဦ ၃၄ လုံး၊ မီးစက်ကြီး ၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်ဆစ်ပေပါ ၂၁၀ လုံး၊ ဒီဇယ်ပေပါ ၁၆၅ လုံး၊ ဓာတ်ဆီပေပါ ၆၀ လုံး၊ ပေါင်းအိုး ၃၂ လုံး၊ အက်ဆစ်ပုလင်း ၂၀၀ လုံး၊ ၂ လီတာဆံ့အက်ဆစ် ၆၀၀ ဘူး၊ ကော့စတစ်ဆိုဒါအိတ် ၇၅၀ အိတ်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၁၅၀ ပုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၁၀၀ ပြား၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁၀၀၃၀ ကီလိုဂရမ်၊ အဖက်ဒရင်း / ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ် ICE ၂၅၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်)ကို သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ အဆိုပါနေရာနဲ့  အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ပူးပေါင်းအဖွဲ့တွေက ဆက်လက် ရှာဖွေရှင်းလင်းလျက်နေပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
3 years Ago
More News
Up