ကြည့်ငိုတောင်

July 30, 2021

ကြည့်ငိုတောင်တွင် မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်မှာ ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ PPDF အဖွဲ့က ပြောပါတယ်။

ကြည့်ငိုတောင်မှာ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ဖွဲ့ဝင်တွေရှိတယ် ထင်ပြီး စစ်ကောင်စီတပ်က မိုင်းထောင်ထားတာကြောင့် သစ်ညီနောင်ကျေးရွာက ကိုမင်းထိုက်နဲ့ ကိုနိုင်မင်းတို့ နှစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ PPDF တပ်ဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်က အဲဒီတောင်ခြေက ဇရပ်မှာ ချက်ပြုတ်စားသောက်ပြီး လိုက်လံရှာဖွေတာတွေမပြုလုပ်ဘဲ ညတွင်းချင်းပြန်ဆုတ်သွားတော့ ထူးဆန်နေပြီး ခုပေါက်ကွဲမှုဖြစ်မှ တန်ပြန်မိုင်းထောင်သွားတယ်ဆိုတာ သိရတာလို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကြည့်ငိုတောင်ဟာ အန္တရာယ်များတဲ့နေရာဖြစ်တာကြောင့် ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့  PPDF က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ကြည့်ငိုတောင်နဲ့ ကြည့်ငိုတောင်အနီးတစ်ဝိုက်မှာ PPDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၆ ယောက် သေဆုံးခဲ့ပြီးတော့ PPDF တပ်ဖွဲ့ဝင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ သိရပါတယ်။

4 months Ago

July 20, 2021

ပေါက်မြို့နယ် ကြည့်ငိုတောင်အနီး မိုင်းနင်းမိသဖြင့် စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်အနီးမှာ ဇူလိုင် ၁၉ ရက်နေ့ညက မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် PDF အဖွဲ့ကနေ သိရပါတယ်။

ပေါက် PDF အဖွဲ့က ကြည့်ငိုတောင်အနီးမှာ မိုင်းထောင်ထားတဲ့ဟာကို စစ်ကောင်စီတပ်ဖွဲ့က နင်းမိပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ PDF အဖွဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်နေတာဖြစ်ပြီး ၂ ရက်အတွင်း ၅၆ ယောက် သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး သက်ကြီးဘိုးဘွားနှစ်ယောက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

4 months Ago
Up