ဝတ်ဖို့ဒ်နဲ့ပွဲစဉ်မှာ စတာလင်သွင်းတဲ့ ဦးဆောင်ဂိုးဟာ မှားယွင်းပေးလိုက်တဲ့ဂိုး ဖြစ်တယ်လို့ ကွင်းလယ်ဒိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဝတ်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဒုတိယပိုင်းအစမှာ ကွင်းလယ်က ဂန်ဒိုဂန် မတင်ပေးတာကို အဂွေရို ရင်ဘတ်နဲ့ထိန်းပြီး ပေးပို့လိုက်တဲ့အချိန်မှာ ဂိုးသွင်းယူသွားတဲ့ စတာလင် လူကျွံအနေအထားမှာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီး စည်းကြပ်ဒိုင်က အလံထောင်ပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဂိုးပေးခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝတ်ဖို့ဒ်နောက်ခံလူဖြစ်တဲ့ ဂျန်မက်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ကာပိုးလ်နဲ့ ဒယ်လိုဖူတို့က စောဒကတက်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။
ပွဲအပြီးမှာ သုံးသပ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီရာနေးက သူ့ရဲ့ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း The Sun က ဖော်ပြသွားပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လူကျွံဘောဖြစ်တယ်ဆိုတာကို ဝန်ခံသွားပါတယ်။ ဝတ်ဖို့ဒ်အသင်းတွက် စိတ်မကောင်းဖြစ်မိပေမယ့်လည်း ဂိုးသွင်းခွင့်တွေ အများကြီး ရနေတဲ့အတွက် အဲဒီဂိုး ခွင့်မပြုခဲ့ရင်လည်း ဂိုးတွေထပ်သွင်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
3 years Ago