ကျွဲကျောင်းသားမှ စာဆိုတော်ဖြစ်လာသူ မှော်ဘီဆရာသိန်း

January 1, 2021

ကျွဲကျောင်းသားမှ စာဆိုတော်ဖြစ်လာသူ မှော်ဘီဆရာသိန်း

“မှော်ဘီဆရာသိန်း အလွန် ၇၉ ” ကျွဲကျောင်းသားမှ၊ ပညာရစေ သူရှာဖွေ၍၊ စာပေကျမ်းဂန် စုဆောင်းမှန်ဖြင့်၊ သင်အံလိုက်နာ တိုင်းထွာဆင်ခြင်၊ ပညာမင်သူ ရှင်လူရဟန်း၊ ချဉ်းကပ်မြန်း၍ တဝန်းမြန်ပြည်(ပြေ)၊ ဇင်းမယ်မြေထိ သုတေသန၊ ပြုခဲ့ရကား စာအုပ်များရေး၊ ပညာပေးသည် မှော်ဘီဆရာသိန်း၊ ဘဝငြိမ်းခဲ့ ခွန်နစ်ဆယ်ကျော်၊ ကိုးနှစ်ပေါ်ခဲ့ပြီတကား။  မှော်ဘီဆရာသိန်း (၁၈၆၂ - ၁၉၄၂) ဟာ ပါးစပ်ရာဇဝင်၊ ပေါရာဏဒီပနီ၊ ဒွန်းစဏ္ဍားနှင့် မင်းသမီးငြားပုံ (ယျလေးလုံးပုံပြင်)၊ အရူးလွယ်အိတ်၊ ဗဟုသတဟင်းလေးအိုးကြီး စသဖြင့် စာအုပ် စာတမ်း ကျမ်းတွေ အများအပြား ပြုစုရေးသားခဲ့တဲ့ စာရေး ဆရာကြီး စာဆိုတော်ကြီး ဖြစ်ပါတယ်။ သူဟာ ငယ်စဉ် မှော်ဘီက လယ်ယာလုပ်ငန်းမှာ ကျွဲကျောင်းသားလေးဘဝကနေ လူ၊  ရဟန်း၊ စာဆို၊ ပညာရှိတွေဆီမှာ ခက်ခက်ခဲခဲ လေ့လာမှတ်သား ပညာယူ သုတေသနတွေပြုပြီး စာဆိုတော်ကြီး ဖြစ်လာတာမို့ သူ့ဘဝဟာ အတော့်ကို ထူးခြားလှပါတယ်။  ဆရာကြီးဟာ သူ့အသက် ၈၀ အရွယ် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (ဗမာ သက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ ရက်က  မှော်ဘီက သူ့နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ အခု ၂၀၂၁ ခု ဇန်နဝါရီ ၁ ရက်ဟာ မှော်ဘီဆရာသိန်းကြီး ကွယ်လွန်ခဲ့တာ ၇၉ နှစ် ရှိပြီပေါ့။  စာဆိုတော်ကြီး ဆရာဇော်ဂျီကဆိုရင် မှော်ဘီဆရာသိန်း စာအုပ်စာပေတွေနဲ့ ပတ်သက်လို့ အခုလို သုံးသပ်ခဲ့ပါတယ်။  “ ဆရာကြီး၏ ပေါရာဏဒီပနီ နှစ်တွဲသည် ဆရာကြီး၏ ခေတ်၌သာမက ယခုခေတ်၌လည်း မှီခို အားထားရာ ကျမ်း ဖြစ်သည်။ ဆရာကြီး ရေးခဲ့သော ပါးစပ်ရာဇဝင် သည်ဘိုးတော်ဘုရားလက်ထက် အဖြစ်အပျက်တို့ကို အရပ်သူ အရပ်သားများမှ တဆင့်စကား တဆင့်ကြား၍ မှတ်သားခဲ့ကြ၍ ပြန်လည် ရေးသားကြသည်ဖြစ်ရာ ရာဇဝင်သည် အသက်ဝင်၍ နှစ်သက်ဖွယ်ဖြစ်သည်။ “ဗဟုသတဟင်းလေးအိုး” စာအုပ်ပါ ဆောင်းပါးများသည် လူကို လေ့လာထား သော ဆရာကြီး၏ ဘဝအတွေ့အကြုံ ဆောင်းပါးများ ဖြစ်သဖြင့် ဆရာကြီး၏ ဘဝအမြင် ဘဝသဘောထားပါသည်။ မှော်ဘီဆရာသိန်းသည် အမှတ်အသား ကောင်းသူလည်းဖြစ်သည်။ စိတ်ကူးဉာဏ် ရှိသူလည်း ဖြစ်သည်။ စကားပြော ရာတွင် အကြွားအဝါမပါ။ ဟိတ်ဟန်မထုတ်တတ်။ ရိုးရိုးမတ်မတ် စာရေးသူလည်း ဖြစ်ရာ ဆရာကြီးစာများသည် ချစ် ခင်နှစ်သက်ဖွယ် ဖြစ်သည်။ “အရူးလွယ်အိတ်စာအုပ်” သည်လည်း ဆရာကြီး၏ စုဆောင်းထားခဲ့သော စာတိုစာစ၊ ကဗျာတို ကဗျာစတို့၌ စိတ်ဝင်စားခဲ့သည်။ စာမဖတ်တတ်လျှင် လူရယ်စရာဖြစ်တတ်ပုံ သာဓကအမျိုးမျိုး၌ စိတ်ဝင် စားခဲ့သည်။ ဆရာကြီး၏ စာများသည် ဗဟုသုတအဖြစ်သာမက မြန်မာစာပေသမိုင်းတွင် ခေတ်ဟောင်းနှင့် ခေတ် သစ် ကို ဆက်ပေးနိုင်သော စာပေကွင်းဆက်တခုအဖြစ် မြင်မိပါသည်။  “မှော်ဘီဆရာသိန်းရေးသားခဲ့သော စာအုပ်များ” ပထမဆုံး ရေးသား ပုံနှိပ်ခဲ့တဲ့ စာအုပ်က ပေါရာဏဒီပနီ (ပထမတွဲ) ၁၈၉၆ ဖြစ်တယ်။ ပေါရာဏ ဒီပနီ (ဒုတွဲ ၁၉၁၃)၊ ဒွန်း စဏ္ဍားနှင့် မင်းသမီးညားပုံ (ယျလေးလုံးပုံပြင်စာအုပ်) ၁၉၂၃၊ ဂီတလင်္ကာရဒီပနီ (၁၉၂၄)၊ ပါးစပ်ရာဇဝင် - ပတွဲ (၁၉၂၆)၊ ပါး စပ်ရာဇဝင် ဒုတိယတွဲ (၁၉၂၇)၊ ဘုရားသမိုင်းပေါင်းချုပ် (၁၉၃၄)၊ ရှေးဖြစ်စာတမ်း (၁၉၃၅ ခန့်)၊ ရှေးဟောင်း ရှေးဖြစ် စာတန်း (၁၉၃၅ ခန့်)၊ ဘိန်းပုံရာဇာနှင့် ကွမ်းပုံကုမ္မာပြဇာတ် (၁၉၃၆)၊ ရှေးတံဆိပ်တော်ရ  ဆရာတော်တို့စာတန်း (စာပြီး ၁၉၃၆၊ ပုံနှိပ် ၂၀၀၉)၊ နှောင်းဖြစ်စာတန်း (၁၉၃၇ ခန့်)၊ စကားပဒေသာစာတန်း၊ အရူးလွယ်အိတ်၊ ဗျိုင်းနားမင်္ဂလာ စာတန်း (၃ ကြိမ် ၁၉၅၃)၊ ဗဟုသုတဟင်းလေးအိုးကြီး (၁၉၅၄)၊ မြန်မာ့ဇာတ်သဘင်နှင့် မြန်မာပြဇာတ်စာအုပ်များ (၁၉၆၅)၊ နန်းမတော်မယ်နု၊ “မြန်မာ လွှတ်တော်ဝန်ကြီး၊ မှူးကြီးများ၏ အတ္ထုပ္ပတ္ထိ” တို့ အပြင် တခြား စာအုပ်စာတမ်း ကျမ်းတွေလဲ ရေးသားခဲ့ပါသေးတယ်။   (အမှာစကား)   (လူတယောက်သည် ညဉ့်အခါလည်ပတ်ရာ  “ခလုတ်တိုက်ပါကလား”ဟု မြည်ရာ၊ ကြားသောသူက  “ဖားပြုတ်ကိုက်”   သည် ဟု ကြား၍ မေးမြန်းရာ၊ တဆင့်ကြားသူကဘယ်မလဲဟေ့၊  “တရုတ်ရိုက်တာ”  လို့ မေးသကဲ့သို့ တဆင့်တဆင့် ရွေ့လျောသည်ကို အမှတ်ချင်း မတူ၊ လွဲသည်ဟု အပြစ်မဆိုရ ဖြစ်၏။  (မှော်ဘီဆရာသိန်း)  အရူးလွယ်အိတ် စာအုပ်မှ . . .  “မော်ပီဆရာသိန်းအကြောင်း” မော်ပီဆရာသိန်းကို မှော်ဘီမြို့နယ် မင်းရွာမှာ ၁၂၂၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက်၊ တနင်္လာနေ့က  အဖ ဦးရွှေကြူး အမိ ဒေါ်ငွေတို့ က မွေးဖွားခဲ့တယ်။ ငယ်နံမည်က မောင်ဘိုးသိန်း။ မိဘတွေ ဆင်းရဲနွမ်းပါးလို့ လယ်လုပ်ပြီး ကျွဲကျောင်းခဲ့ရတယ်။ နောင်အခါ မော်ပီဆရာသိန်းကြီးလို့ ကျော်စောလာမည့် မောင်ဘိုးသိန်းကလေးဟာ နွားကျောင်းရင်းက မင်းရွာ ကန်ကုန်း ကျောင်း ဆရာတော် ဦးဝဏ္ဏဆီမှာ စာသင်ခဲ့တယ်။ ရသမျှအချိန်တိုင်း မောင်ဘိုးသိန်းကလေးဟာ နွားကျောင်းရင်း  ရသမျှ စာအုပ် စာတမ်းတွေ လေ့လာဖတ်မှတ်ခဲ့တာပါ။ အဲ့သည်ကတဆင့် ဆရာကောင်း၊ သမားကောင်းတွေဆီ ဆည်းကပ် မှတ်သား ခဲ့သလို၊ အားတိုင်း ဒေသန္တရ ဗဟုသုတရှာမှီးဖို့ အနယ်နယ်အရပ်ရပ်သွားပြီး ပညာဗဟုသုတ ရှာဖွေ စုဆောင်းခဲ့ပါတယ်။  အသက် ၁၉ နှစ်မှာ မောင်ဘိုးသိန်းဟာ ပဲခူး၊ ဟံသာဝတီ ကြေးတိုင်ရုံး စာရင်းရေး စာရင်းစစ်၊ ၂၃ နှစ်မှာ မှော်ဘီမြို့အုပ်ရုံး စာရေး၊ အသက် ၃၄ နှစ်မှာ ကွမ်းခြံကုန်း မြို့အုပ်ရုံး မြို့စာရေးလုပ်ခဲ့တယ်။ ဒီလို အစိုးရအမှုထမ်းဘဝတလျောက်တွေ့သမျှ ပညာရှိတွေဆီမှာ စာပေ၊ ကျမ်းဂန်၊ လင်္ကာ၊ ကဗျာတွေကို သင် အံ မှတ်နာ တိုင်းထွာ ဆင်ခြင်ပြီး ပညာရှိ ရဟန်း ရှင်လူတွေကို ဆွေးနွေး မေးမြန်း ရေးကူး မှတ်သားနေခဲ့တယ်။ အထူးသဖြင့် ငယ်ဆရာ အင်းစိန်ရွာမ ဆရာတော် ဦးနာရဒဟာ ဦးဘိုးသိန်း အထူးဆည်းကပ် အားထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ မှောဘီဆရာသိန်းဟာ ကွမ်းခြံကုန်းမှာနေချိန် ပေါရာဏဒီပနီကျမ်း ပထမ တွဲကို ၁၂၅၇ ခုနှစ်က ရေးသား ပြုစုပြီးစီးတယ်။ အဲ့ဒီနှစ်မှာပဲ သာသနာလင်္ကာရ စာတမ်းအလို မိလိန္ဒမင်းကြီး စံနေခဲ့တဲ့ သာဂလပြည်ဟာ ဇင်းမယ်မြို့ လို့ သိရတာကြောင့် အမှန်အကန်သိလိုတဲ့ ဆန္ဒနဲ့ သက္ကရာဇ် ၁၂၅၈ ခုနှစ်မှာ ထိုင်းနိုင်ငံ ရဟိုင်းမြို့နဲ့ လကွန်းမြို့၊ လပုံးမြို့၊ ဇင်းမယ်မြို့၊ မုံးနန်းမြို့၊ မုံးတစ်မြို့ စတဲ့ ယွန်း(ရှမ်း) ၅ မြို့နယ်ကို ဒေသန္တရ ဗဟုသုတ သွားရောက် စုံစမ်းခဲ့တယ်။ မှော်ဘီဆရာသိန်းဟာ ရန်ကုန်မြို့ဟံသာဝတီပုံနှိပ်မှာ သက္ကရာဇ် ၁၂၅၉ ခုနှစ်က စာရေးလုပ်ခဲ့သလို  မြန်မာနိုင်ငံကျောက်စာရုံးမှာလည်း ကျောက်စာဖတ် အရေးအသားတွေကို သင်ယူခဲ့တယ်။ အဲ့သည်နောက် ပျဉ်းမနားမှာ  လွှစက် သစ်သူဌေး ကိုယ်စား လှယ်လုပ်ခဲ့ပြီး ဇာတ် ရုပ်စုံ သဘင်ပညာသည်တွေအတွက် ဇာတ်လမ်း ဇာတ်ထုပ် ကဗျာ သီချင်းတွေကို စာရေး စာဆိုဆရာ အဖြစ် ရေးပေးခဲ့သေးတယ်။ ၁၂၆၃ ခုနှစ်မှာ ပညာဗဟုသုတ ထပ်ရှာဖို့ အထက်အောက် ဗမာနိုင်ငံတစ်လွှား အနှံအပြားသွားပြီး ရှေးဟောင်းစာတမ်းတွေ၊ ပျို့လင်္ကာ ရာဇဝင်သမိုင်းတွေ၊ ကျောက်စာမော်ကွန်း အမှတ်အသားတွေနဲ့ ရှေးပညာရှိတွေ ရဲ့ အတ္ထုပ္ပတ္တိတွေ လှည့်လည် ရှာဖွေ စုဆောင်း ကူးယူ မှတ်သားခဲ့တယ်။ ၁၂၆၄ ခုနှစ်မှာ မဟာဗောဓိသတင်းစာကို စတင်ထုတ် ဝေတယ်။ ၁၂၆၅ ခုနှစ်က ၁၂၆၇ ခုနှစ်အထိ ဧရာဝတီ စာပုံနှိပ်တိုက် တိုက်အုပ် လုပ်ခဲ့ပြီး ၁၂၆၈ ခုကျတော့ အင်္ဂလိပ် မြန်မာ ပုံနှိပ်တိုက်ကို ပြောင်းလုပ်တယ်။ သူဟာ စာရေးရင်း၊ ဗဟုသုတရှာရင်းက အရာရှိတွေဖြစ်တဲ့ မစ္စတာစတူးဝပ်၊ မစ္စတာဗွီဗွီဆင် တို့ကို မြန်မာစာ ပျို့ကဗျာလင်္ကာ ရာဇဝင်တွေ သင်ပေးခဲ့သေးတယ်။ မြန်မာနိုင်ငံသုတေသနအသင်းကြီးကိုလဲ စာဟောင်း စာတမ်းဟောင်းတွေ ရှာဖွေပေးပြီး  အသင်းဝင် ဖြစ်လာတယ်။ မှော်ဘီဆရာသိန်းကြီးဟာ အသက် ၈ဝ အရွယ် ဗမာ သက္ကရာဇ် ၁၃ဝ၃ ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက် (ခရစ်နှစ် ၁၉၄၂ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်)က မှော်ဘီမြို့ သူ့နေအိမ်မှာ ကွယ်လွန်သွား ခဲ့တယ်။ အခုဆိုသူ ကွယ်လွန််ခဲ့တာ ၇၉ နှစ် ရှိပါပြီ။  တနေ့အဖို့တာ၌ ၁။ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေရသောအချိန် ၂။ ပညာဗဟုသုတ ရရန် စာပေကြည့်ရှု၊ စုံစမ်းမေးမြန်း မှတ်သား စုဆောင်းရသောအချိန်။ ၃။ ရတနာသုံးပါးကို ဆည်းကပ်၍ ကုသိုလ်ဖြစ်ရန် ပြုရသောအချိန်။ ထိုအချိန် သုံးချိန်ကို တချိန်မှ မရသောသူသည် အလဟဿ အချည်းအနှီး အချိန်ကို ဖြုန်းတီးသောသူ ဖြစ်ပေ၏။  ဥစ္စာ၊ ပညာ၊ ကုသိုလ် တခုခုကို ရစေရမည်။  (မှော်ဘီဆရာသိန်း)  အရူးလွယ်အိတ် စာအုပ်မှ . . .  “မော်ပီဆရာသိန်းရေးသားတဲ့ ယောမင်းကြီးစိတ်ဓာတ်” “ယောမင်းကြီးစိတ်ဓာတ်” ကို မှော်ဘီဆရာသိန်းသားရေးတဲ့ “မြန်မာလွှတ်တော်ဝန်ကြီး၊ မှူးကြီးများ၏ အတ္ထုပ္ပတ္ထိ” စာအုပ် ကနေ ကောက်နုတ် ဖော်ပြပါတယ်။  ယောမင်းကြီးစိတ်ဓာတ် “တရံသော် နန်းတော်ကြီး၌ နေ့ညီလာခံတွင် မင်းတရားကြီး (မင်းတုန်း) နှင့် အတွင်းရေးကိစ္စ ပြောဆိုကြရာ အတိုက်အခံ အငြင်းပွားလျှက် ရှိကြစဉ် ရွေပြည်ဝန်ကြီး (ယောမင်းကြီးက) အစ်မနှမ၊  သမီးကကို၊ စ၍ဆက်နှင်း  လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ် ထိုအမတ်သည်၊ အတတ်မရှိ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ ပြည်ရွာပျက်ကြောင်း တပါးတည်း။ ဟု ရှိပါကြောင်းဘုရားဟု လျှောက်တင်၏။ ဤအခါ ဘုန်းတော်ကြီးဘုရား (မင်းတုံး) က  “ငလှိုင်၊ သည်လှံကိုကြည့်စမ်း။ မည်သူ ကိုင်တဲ့လှံတုံး” ဟု မေးတော်မူရာ “အရှင့် ခမည်းတော်ဘုရား ကိုင်တော်မူသော လှံ ဖြစ်ပါကြောင်း” ကို လျှောက်သည်။ မင်းတရားကြီးက  “ငါ့ခမည်းတော်သည် ဤလှံနှင့် မည်သူ့ကို စီရင်သနည်း” ဟု မေးတော်မူရာ “ကျွန်တော်မျိုး ကျေးဇူးရှင်အဖကို စီရင်ပါကြောင်း” လျှောက်၏။  “ဤလှံတော်နှင့် မောင်မင်း စီရင်ခြင်းကို ခံလိုပါသလား။” မေးတော်မူရာ ရွှေပြည်ဝန်ကြီးက “ထိုးတော်မူပါဘုရား” ဟု ရင်ဘတ်ကို ကော့၍ ပေးတော်မူလေသည်။ မင်းတရားကြီးလည်း လှံတော်ကို ကိုင်၍ အတွင်းတော်သို့ ဝင်တော်မူလေသည်။ ကျန်ရစ်သောဝန်ကြီးများက “ဝန်မင်းလည်းပဲ တင်းတင်းမာမာ ရဲပဲရဲလွန်းလှသဗျာ”ဟု ပြောကြသည်။  “ကျွန်ုပ်သည် လံနှင့်ထိုး၍ သေရခြင်းကားမြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် မကောင်းမှု ဖြစ်ပွားနေသည့် အတွက် သေသွားသောအခါ ရွှေပြည်ဝန်ကြီးသည် မင်းလိုလိုက် မင်းကြိုက်တင်သည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရ လေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလေလျှင် သေရကျိုးမနပ်ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်း ထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်ကြ၍ တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျှက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့် တူမည်။” ဟု ပြောပြလေသည်။ နောက်တနေ့ အကျယ်ချုပ်နှင့် ရာထူးမှ လျှောချထားခြင်း ခံရလေသည်။ (မှော်ဘီဆရာသိန်း)   ဒါကတော့ မှော်ဘီဆရာသိန်းရဲ့ လက်ရာ စာပေအပိုင်းအစ အနည်းငယ်လောက်ကို ရေးပြခဲ့တာပါ။ မှော်ဘီနယ်ဖွား လယ်ယာ လုပ်သား ကျွဲကျောင်းသားကလေးဘဝက စခဲ့တဲ့ သူဟာ အတန်းပညာနဲ့ တက္ကသိုလ်မတက်ခဲ့ပဲ ပညာဗဟုသုတတွေကို များများစားစား ရှာဖွေ နိုင်ခဲ့ပါတယ်။ ဆရာ ပညာရှိ ကဝိကြီးတဆူ ဖြစ်သွားခဲ့ပါတယ်။ သူဟာ ပညာကိုလိုချင်တာ၊ ပညာရှိသူတွေကို ဆည်းကပ် နည်းယူနိုင်ခဲ့တာ၊ ကူးယူ မှတ်သား သုတေသနပြုချက်တွေကို မြန်မာ့မြေမှာတင်မက ဇင်းမယ်တိုင်အောင် သွားလေ့လာခဲ့ပြီး သူသိသမျှတွေကိုလည်း အများကြီး ပြန်လည် ပြုစု ရေးသားနိုင်ခဲ့တာတွေကြောင့် ကျော်ကြားတဲ့ စာဆိုတော် ပညာရှိကြီးဖြစ်ခဲ့ပါပြီ။ ဒါကြောင့်လည်း သူကွယ်လွန်ပြီး နှစ်ပေါင်း ၈၀ နီးပါးကြာတဲ့အထိ သူ့ရဲ့စာတွေကတော့ စာသင် ကျောင်းတွေမှာ သင်ကြားနေကြဆဲ၊ အရပ်တွေထဲမှာ လေ့လာ ဖတ်ရှုနေကြရဆဲပါဗျာ။ ။   ကျမ်းကိုး ၁။ သိန်းနှင့် ကျားဋီကာ                            (ဇော်ဂျီ) ၁၉၈၄ ၂။ စာဆိုတော်များ အတ္ထုပ္ပတ္ထိ             (မောင်သုတ) ၂၀၀၂ ၃။ မော်ပီဆရာသိန်း                               (တိုက်စိုး) ၁၉၇၄  ၄။ မြန်မာလွှတ်တော်ဝန်ကြီး မှူးကြီးများ၏အတ္ထုပ္ပတ္ထိ (မှော်ဘီဆရာသိန်း)    ၅။ အရူးလွယ်အိတ်                   (မှော်ဘီဆရာသိန်း) ၂၀၀၇
10 months Ago
Up