ကျွေးမွေးစရိတ် အခက်အခဲ

A d v e r t i s e m e n t With Us

June 15, 2020

မြောင်းမြမြို့ Quarantine စင်တာများ ကျွေးမွေးစရိတ် အခက်အခဲဖြစ်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ လူထုအခြေပြု စောင့်ကြည့်စင်တာ (Community based quarantine centre) တွေမှာ ကျွေးမွေးစရိတ် ၁ ရက်ကို ကျပ် ၂ သိန်းကျော် ကုန်ကျနေတာကြောင့် ရက်ရှည်ကျွေးမွေးဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြောင်းမြမြို့ရှိ ပရိယတ္တိစွမ်းအားတောရကျောင်းတိုက်နဲ့ သူနာပြုသင်တန်းကျောင်းတို့မှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ ၉၆ ဦးကို ထားရှိကာ ကိုဗစ်-၁၉ ရောဂါရှိမရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေပြီး ကျေးမွေးစရိတ်အခက်အခဲ ကြုံနေတယ်လို့ စင်တာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေတဲ့ မြောင်းမြမြို့၊ ကရုဏာရှင် လူငယ်များအသင်းမှ ကိုဝေလင်းအောင်က ပြောပါတယ်။ “အဓိကအခက်အခဲကတော့ စားရေးသောက်ရေးအပိုင်းပေါ့။ စောင့်ကြည့်စင်တာတွေအတွက် ကျွေးမွေး စရိတ်က တစ်ရက်ကို ၂ သိန်းကျော် ကုန်ကျတယ်။ အခုက ကိုယ့်မြို့လူတွေတင် မဟုတ်တော့ဘဲ ဧရာဝတီတတိုင်းလုံးက လူတွေပါ ပါလာတော့ လူများလာလေလေ ကုန်ကျစရိတ်က များလေဆိုတော့ ကျွေးမွေးစရိတ်အတွက် အခက်အခဲဖြစ်လာနေတယ်။ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုကုန်ကျမှုနဲ့က ရေရှည်တောင့်ခံနိုင်ပါ့မလား စိုးရိမ်မိတယ်။” မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ ပြည်ပကပြန်လာသူ ၉၆ ဦးအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ အိပ်ရာတွေ ထောက်ပံ့ပေးထားပြီး ကျွေးမွေးစရိတ်အတွက် ၁ ဦးကို ၃၀၀၀ ကျပ် (တနေ့စာ) နှုန်းထားနဲ့ ဧရာဝတီတိုင်းအစိုးရထံ တင်ပြ တောင်းခံထားတယ်လို့ မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောပါတယ်။ မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့နယ်၊ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီတွေနဲ့အတူ ကရုဏာရှင်လူငယ်များအသင်းက လူထုအခြေပြု စောင့်ကြည့်စင်တာတွေမှာ စေတနာ့ ဝန်ထမ်းတွေအဖြစ် ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ပြည်ပပြန်တွေ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ကြတဲ့အခါ အဲဒီမြို့က လူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် မြောင်းမြမှာ ကွာရန်တင်းဝင်ချိန်မှာ အစစအရာရာအခမဲ့ဖြစ်အောင် မြို့ခံအလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ တောင့်ခံပြီး ဆောင်ရွက်ပေးထားပါတယ်”လို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ကိုဝေလင်းအောင်က ပြောပါတယ်။ မြောင်းမြမြို့မှာ ပြီးခဲ့တဲ့ မေလကစတင်ပြီး ပြည်ပကပြန်လာသူတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် Quarantine စင်တာတွေ ဖွင့်လှစ်ခဲ့ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံက ပြန်လာသူတွေကို နေရာလုံလောက်စွာ လက်ခံနိုင်ဖို့ ဇွန် ၁၁ ရက်နေ့မှစတင်ပြီး မြောင်းမြမြို့ရှိ သူနာပြု သင်တန်းကျောင်းကို Quarantine စင်တာအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ စေတနာ့ဝန်ထမ်းတွေကပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
9 months Ago
Up