ကျွမ်းကျင်မှုပြိုင်ပွဲ

A d v e r t i s e m e n t With Us

January 25, 2020

မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲ တပ်မတော်ခန်းမတွင် ကျင်းပ

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က ဦးဆောင်ပြီး မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဇန်နနဝါရီ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နည်းပညာတွေကို ဖော်ထုတ်ပြီး အာဆီယံတွင်းမှာရှိနေတဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ မော်တော်ယာဉ်စက်ပြင်ကျွမ်းကျင်မှု၊ လေအေးပေးစက် တပ်ဆင် ပြုပြင်ကျွမ်းကျင်မှု၊ ဆံကေသာ အလှပြုပြင်ကျွမ်းကျင်မှု၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ခြင်း ကျွမ်းကျင်မှု၊ စားသောက်ဆိုင် ဝန်ဆောင်မှု ကျွမ်းကျင်မှုနဲ့ အချက်အပြုတ် ကျွမ်းကျင်မှု စတဲ့ အလုပ်အကိုင် ၆ မျိုး ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။  မြန်မာကျွမ်းကျင်မှုပြိုင်ပွဲကနေတဆင့် ပထမ၊ ဒုတိယ ရရှိတဲ့သူတွေက အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲကိုတော့ လာမယ့်ဇူလိုင်လ စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပမယ့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲဟာ ၁၃ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ စတုတ္ထအကြိမ်  ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
1 year Ago

January 11, 2020

အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ အလုပ်အကိုင် ၆ မျိုး မြန်မာ ဝင်ပြိုင်မည်

စင်ကာပူနိုင်ငံမှာ အခုနှစ် ဇူလိုင်လထဲ ကျင်းပမယ့် ၁၃ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကျွမ်းကျင်လုပ်သားတွေအနေနဲ့ အလုပ်အကိုင် ၆ မျိုးကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။   အဲဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး  Auto Mobile၊ Technology၊ Refrigeration And Air-Condition၊ Electrical Installation၊ Restaurant Service၊ Cooking၊ Hair Dressing စတဲ့အလုပ်အကိုင်တွေကို အခုနှစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အလုပ်အကိုင် ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာဖို့နဲ့ လူငယ်တွေကြား အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ဝင်ရောက်ယှဉ်ပြိုင်တာလို့ မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲ ကျင်းပနိုင်ဖို့ ဇန်နဝါရီ ၁၁ ရက်က ဆာကူရာဟိုတယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲကိုတော့ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဇန်နဝါရီ ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲကနေတဆင့် အလုပ်အကိုင် ၁ မျိုးစီအတွက် ကျွမ်းကျင်လုပ်သား ၂ ဦးစီကို ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးချယ်ခံရသူတွေကို အာဆီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ လေ့ကျင့်သင်ကြားပေးမယ်လို့ ဆိုပါတယ်။ မြန်မာ ကျွမ်းကျင်မှုပြိုင်ပွဲမှာတော့ သတ်မှတ်ထားတဲ့ အလုပ်အကိုင် ၆ မျိုးမှာ လုပ်ကိုင်နေပြီး အသက် ၂၂ နှစ်အောက်ရှိတဲ့သူတိုင်း ဝင်ရောက်လျှောက်ထား ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်၊ မလေးရှား၊ ထိုင်းနိုင်ငံတွေမှာ ကျင်းပတဲ့ အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲတွေမှာ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုမရဖူးဘူးလို့ သိရပါတယ်။
1 year Ago
Up