ကျွန်းပြသာဒ်မြစ်

October 27, 2020

ကျုံမငေးတွင်  မြစ်အတွင်း အန်အယ်လ်ဒီ ထောက်ခံလှည့်လည်ရာတွင် ပါဝင်သူ ၁ ဦး ရေနစ်သေဆုံး 

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှာ အောက်တိုဘာ ၂၅ ရက်က အန်အယ်လ်ဒီ ပါတီထောက်ခံ၀န်းရံသူတွေ မြစ်အတွင်း စက်လှေတွေ မော်တော်တွေနဲ့ လှည့်လည်ရာမှာ ပါတီထောက်ခံသူ အမျိုသား ၁ ဦး ရေထဲကျ သေဆုံးခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က သိရပါတယ်။ ကျုံမငေးမြို့နယ် ကျွန်းပြသာဒ်မြစ်အတွင်း အင်အားပြလှည့်လည်ရာ တုန်လဲချောင်းမြစ် အရောက် အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦး ရေထဲကျသေဆုံးခဲ့တာလို့ ကျုံမငေးမြို့ ရဲစခန်းမှူး ရဲအုပ် ရန်နိုင်ဝင်း က ပြောပါတယ်။ “မနေ့က မြစ်ထဲလှည့်နေရင်းနဲ့ အဲ့တစ်ယောက်ကပြုတ်ကျသွားတာ ရှာတာ ရှာလို့မရဘူး၊ သေဆုံးတဲ့လူက သူတို့ရွာကအဖွဲ့တွေနဲ့ လိုက်တာလို့သိရတယ်၊ စက်လှေမောင်းတဲ့သူကိုတော့ ဥပဒေအရ အရေးယူ ထားတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က အန်အယ်လ်ဒီပါတီကို ထောက်ခံတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာနေ ပါတီထောက်ခံသူတွေ ပူးပေါင်းပြီး ကျွန်းပြသာဒ်မြစ်အတွင်း သင်္ဘောတွေ စက်လှေတွေနဲ့ လူအင်အား အများအပြားနဲ့ လှည့်လည်အင်အားပြခဲ့တာ ဖြစ်ပါတယ်။ လှည့်လည်ပွဲမှာ ပါဝင်ခဲ့သူ ၁ ဦးက “စက်လှေတွေ သင်္ဘောတွေများတော့ ပြန်ကြားရေးအဖွဲ့က ပြောပေးနေရတယ်။ ပြိုင်မမောင်းဖို့ ပြောနေရင်းနဲ့ နေ့လယ်ပိုင်းမှာ အမျိုးသားတဦး ပြုတ်ကျတယ်လို့ သိရတာ” လို့ ပြောပါတယ်။ အဆိုပါ အမျိုးသားသေဆုံးမှုနဲ့ ပတ်သက်ပြီး စက်လှေမောင်းသူ ဇော်မင်းထွန်းကို ကျုံမငေး နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဩကာသ
1 year Ago
Up