ကျွန်းကြီးရွာ

June 19, 2021

မုံရွာ ကျွန်းကြီးရွာကို စစ်တပ်ကဝင်ရောက်ပြီး ပစ္စည်းများခိုးယူသွား

စစ်ကိုင်းတိုင်း၊ မုံရွာအမြင့်လမ်းဘေး ကျွန်းကြီးကျေးရွာကို ဇွန် ၁၈ ရက် မနက် ၅ နာရီကျော်က စစ်ကောင်စီတပ်တွေ ရောက်လာပြီး အိမ်တစ်အိမ်က ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၅ နာရီခွဲမှာ အင်အား ၆၀ လောက် ရောက်လာတယ်။ သေနတ်တွေ ပစ်လာတော့ လူတွေက ရှောင်နေကြတယ်။ အိမ်တအိမ်ကို ဝင်မွှေတယ်။ ဆန်အိတ် ၃ အိတ်၊ အဝတ်လျှော်စက်နဲ့ ပန်ကာတို့ကို ယူသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လမ်းမှာတွေ့တဲ့ လူငယ်တယောက်ကိုလည်း အဲဒီအိမ်နေရာကို မေးတာမှာ မပြောလို့ ရိုက်နှက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ဟာ ဆန္ဒပြတာလို လှုပ်ရှားမှုတွေမှာ မပါပေမဲ့ အိမ်ပုံစံနဲ့တကွ တိုင်ခံရတာကြောင့် ဖြစ်မယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အိမ်မှာ လူတွေမရှိတာကြောင့် မွှေနှောက်ရှာဖွေပြီး စစ်တပ်ဟာ မနက် ၉ နာရီလောက်မှာ ရွာကနေ ပြန်ထွက်သွားခဲ့ပါတယ်။

7 months Ago
Up