ကျွန်ပညာရေး

April 19, 2021

အကြမ်းဖက်စစ်ကောင်စီ ဖွင့်မည့် ကျွန်ပညာရေး တက်ရောက်သူများကို သစ္စာဖောက်သတ်မှတ်

စစ်ကောင်စီ ညွန်ကြားမှုနဲ့ ဖွင့်လှစ်မယ့် ကျွန်ပညာရေး တက်ရောက်မယ့် ကျောင်းသား/ကျောင်းသူတွေကို သစ္စာဖောက်လောက်ကောင်တွေ အဖြစ်သတ်မှတ်ကြောင်း  ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်က ကြေညာချက်တစ်စောင် ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မေလ ၅ ရက်နေ့ ဖွင့်လှစ်မယ့် နိုင်ငံတဝန်း တက္ကသိုလ်ပညာရေးအား လုံးဝတက်ရောက်မှာ မဟုတ်ကြောင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသပိတ်က ဆိုပါတယ်။

“အာဏာသိမ်းစစ်ကောင်စီ ညွန်ကြားမှုဖြင့် ဖွင့်လှစ်မယ့် ကျွန်ပညာရေးလက်အောက်မှာ ဒူးထောက်ဝင်ရောက်ပြီး ကျောင်းပြန်တက်မည့် ကျောင်းသား/ကျောင်းသူများအား သစ္စာဖောက် လောက်ကောင်များအဖြစ် သတ်မှတ်မည်” လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းတွေ၊ အခုအချိန်အထိ လက်နက်အားကိုး အာဏာရူးလူတစုကို ဆက်လက်တိုက်ပွဲဝင်နေတဲ့ Gen X Y Z နဲ့ အတူရပ်တည်ပြီး အရေးတော်ပုံ အောင်မြင်တဲ့အထိ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်က ဆက်လက်တိုက်ပွဲဝင် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

8 months Ago
Up