ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု

September 23, 2021

ကောလင်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုနှင့် အထူးရဲဝန်ထမ်းဟောင်း ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာမှာ စက်တင်ဘာ ၂၁ရက် ညက ကျေးရွာအုပ်ချုပ်ရေးမှူး မိသားစုနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် အထူးရဲ ဝန်ထမ်းဟောင်း  တဦးတို့  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကုက္ကိုကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြမောင်နဲ့ သားဖြစ်သူဟာ သေနတ်ဒဏ်ရာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကာ ဇနီးဖြစ်သူကတော့ ဒဏ်ရာပဲရှိခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

"ဘယ်သူတွေလဲတော့ မသိဘူး၊ ဆိုင်ကယ် ၈ စီးလောက်နဲ့  တစ်စီးမှာ ၂ယောက်စီ စီးပြီး လာတယ်။ အုပ်ချုပ်ရေးမှူးအိမ်သွားပြီး သေနတ်နဲ့ ပစ်သတ်သွားတာ အုပ်ချုပ်ရေးမှူး ဇနီးက တင်ပါးထိတယ်။ မသေဘူး " လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

အမည်မသိ လက်နက်ကိုင်အဖွဲ့ဟာ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကာလတုန်းက မဲရုံစောင့်အထူးရဲလုပ်ခဲ့တဲ့ ဦးသန်းလင်း အိမ်ကိုသွားရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်  ဦးသန်းလင်း သေဆုံးသွား ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်ရဲ့ ကားတွေကို မိုင်းခွဲတိုက်ခိုက်တာ Mytel တာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးတာနဲ့  ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာတွေ မကြာခဏ ရှိနေပါတယ်။

2 years Ago
Up