ကျေးရွာသပိတ်ခေါင်းဆောင်

October 9, 2021

ရွှေဘိုမြို့နယ်တွင် ကျေးရွာသပိတ်ခေါင်းဆောင် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပစ်သတ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ တည်ပင်အုပ်စု၊ သန်းတောရွာနေ သပိတ်ဦးဆောင်သူ ကိုသိန်းဇော်ကို အောက်တိုဘာ ၉ ရက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက စစ်ကား ၅ စီးအပြင်ဆိုင်ကယ်တွေနဲ့ပါ  စစ်အင်အားအလုံးအရင်းနဲ့ ရောက်လာကာ သပိတ်ဦးဆောင်သူအပါအဝင် ရွာသား ၃ ယောက်ကို ဖမ်းဆီးရိုက်နှက် ဆိုင်ကယ်နဲ့တင်ခေါ်သွားပြီးနောက် သပိတ်ခေါင်းဆောင်ကို ပစ်သတ်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သိရသ‌လောက် ပစ်သတ်ခံရသူ ကိုသိန်းဇော်အပါအဝင် ရွာသား ၃ ဦးရဲ့ အိမ်တွေကို လက်နက်ရှိ တယ်ဆိုပြီး ဝင်ရှာတယ်။ လက်နက်မတွေ့ဘူး။  သန်းတောရွာနဲ့ သံပုရာခြံရွာကြားက တောထဲမှာပဲ  မိသွားတယ်။ ရိုက်နှက်စစ်ဆေးတယ်၊ လက်ထိပ်ခတ်ပြီးဆိုင်ကယ်နဲ့တင်ခေါ်တယ်။ တောလမ်းဆို တော့ ဆောင့်ပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတဲ့ ကိုသိန်းဇော်ကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ထားခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသက် ၄၆ နှစ်လောက်အရွယ် သန်းတောရွာသား ကိုသိန်းဇော်ဟာ ကျေးရွာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းကို ဦးဆောင်နေသူသာဖြစ်ပြီး တခြားကိစ္စတွေနဲ့ ပက်သက်ဆက်နွှယ်တာ မတွေ့ရဘူးလို့ ဆိုကြပါတယ်။

ကိုသိန်းဇော်ရဲ့အလောင်းကိုတော့ မိသားစုကသွားရောက် သယ်ဆောင်ခဲ့ပြီး မနက်ဖန်မှာ သင်္ဂြိုလ်သွားဖို့ ရှိနေပါတယ်။

1 year Ago
Up