ကျေးရွာပြည်သူ

April 22, 2021

အကြမ်းဖက်စစ်အုပ်စုက ကျောက်ဆည် ကျေးရွာပြည်သူများ၏ ပစ္စည်းများကို အဓမ္မသိမ်းယူ

ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာ(ဒါန်းတိုင်) မှာ ဧပြီ ၂၁ ရက်နေ့ ညနေ ၅ နာရီက အကြမ်းဖက်အုပ်စုက စစ်ကား ၈ စီး လက်နက်အပြည့်အစုံနဲ့ ရွာထဲဝင်ပြီး ပြည်သူတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေ အဓမ္မ သိမ်းယူသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရွာသား ကိုဇော်လတ် ပိုင်ဆိုင်တဲ့ လိုက်ထရပ်ကားတစ်စီး၊ ဆိုင်ကယ် (DO) တစ်စီး၊ လောင်စာဆီပေပါ ၈ လုံးနဲ့ သူ့ရဲ့ ကုန်စုံဆိုင်က ဆန် ဆီ ဆား ကုန်ခြောက်ပစ္စည်းတွေ အားလုံး သိမ်းယူသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

သတင်းပေး ဒလံတွေကြောင့် အကြမ်းဖက်စစ်အုပ်စုက အခုလို ပစ္စည်းတွေ သိမ်းယူသွားတာဖြစ်ပြီး ကိုဇော်လတ်ဟာ ဆန္ဒပြပွဲတွေမှာ ဦးဆောင်တဲ့သူလည်း မဟုတ်ဘူးလို့ ရွာခံတဦးက ပြောပါတယ်။

ကိုဇော်လတ်တို့ မိသားစုနဲ့ အချို့ ရွာသားတွေက ရွာကိုစစ်ကားတွေ ဝင်လာတာနဲ့ အိမ်တွေနဲ့ ဆိုင်တွေကို ထားခဲ့ကာ တိမ်းရှောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုဇော်လတ်ဆိုင်ရဲ့ ပတ်ဝန်းကျင်က ကုန်စုံဆိုင်တွေဆီကလည်း စားသောက်ကုန်တွေ လုယူသွားပြီး ရွာထဲက ဆိုင်ကယ်အချို့ကိုပါ လုယက်တင်ဆောင်သွားသလို ပတ်ဝန်းကျင်မှာကြည့်နေကြတဲ့ ရွာသားတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်သွားသေးတယ်လို့ သိရပါတယ်။

ကျောက်ဆည်မြို့ ကြောင်ပန်းကုံးရွာမှာလည်း ဧပြီ ၁၉ ရက်တုန်းက သမီးတွေကို လာဖမ်းတာ မတွေ့လို့ ဖခင်ဖြစ်သူ ၄ ဦးအား ဖမ်းဆီးသွားပြီး ၁ ဦးကို ငွေကျပ်လေးသိန်းနဲ့ ရွေးယူမှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

7 months Ago
Up