ကျော်ဟိန်း

October 10, 2020

ကျော်ဟိန်း သီချင်းကို ချစ်ကောင်း သီဆိုဟန်ဖြင့် ရှုစားနားဆင်ကြရမည့် ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)

“ဘယ်ကိုလဲ… မေးခွန်းများရဲ့ အဖြေဟာ တိကျ… ငါဟာ ယောကျ်ား…  လူသားတဦးပါ… သွားရမယ့်လမ်းရဲ့ရှေ့က ရည်မှန်းချက်… ငါသွားမယ်… မတားနဲ့… မတား နဲ့… ငါ့ခရီးလမ်းကို ပိတ်ကာရပ်မထားနဲ့… ငါဒီလမ်းအဆုံးအထိ… ဘယ်လိုတားတား မမှုဘူး… လာမတားနဲ့… မတားနဲ့… မတားနဲ့… မတားနဲ့… ငါ့နှလုံးသားက ဒီဆုံးဖြတ်ချက်တို့ မစွန့်လွှတ်… ကျော်ဖြတ်ဖို့ သတ္တိအပြည့်အဝနဲ့… ရင်ဆိုင်ဖို့အတွက် အကုန်လုံး အဆင်သင့်… အောင်မြင်ရမယ်” ဒါကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားကြီး ကျော်ဟိန်းရဲ့ သီဆိုအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “သွားမယ်မတားနဲ့” သီချင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ ဝါရင့်အဆိုတော် ချစ်ကောင်းက ပြန်လည်သီဆို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး မောင်သစ်မင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး “လွမ်းနေမယ် မမ” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးတပုဒ်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြနန္ဒာ ရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၈၆-၁၉၈၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “လွမ်းနေ မယ်မမ” ရုပ်ရှင်ကိုတော့ ဒါရိုက်တာဦးတင်ယုက တာဝန်ယူရိုက်ကူးခဲ့ပြီး နာမည်ကြီး သရုပ်‌ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ ဇော်ကြီး၊ ဦးမြင့်နိုင်တို့က ပါဝင်ထားခဲ့ကြပါတယ်။ “ကိုယ်တိုင်ရေးပုံတူ”၊ “ဘဝရဲ့လင်္ကာ”၊ “အလှည့်”၊ “အိပ်မက်ကုန်သည်”၊ “တစ် ယောက်တည်းလား” စတဲ့ တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေတွေ၊ ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုခဲ့တဲ့ ချစ်ကောင်းရဲ့ သီချင်းကတော့ အခုအချိန်ထိတိုင်အောင် ရေပန်းစားနေဆဲ သီချင်းတွေ ဖြစ်ပါတယ်။ ခုတခါ “သွားမယ်မတားနဲ့” သီချင်းနဲ့ သူ့ရဲ့ သီဆိုဖျော်ဖြေဟန်ဟာလည်း ဆန်းသစ် လတ်ဆတ်နေဆဲ ဖြစ်တာကို ပရိသတ်တွေက တကျော့ပြန် ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ M ဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲကြပါတယ်။
7 months Ago
Up