စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက ရေဦးကထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ရေဦး-သပိတ်ကျင်းလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ရေဦးကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၃ ဦးနေရာတင်သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ရွှေဘိုခရိုင်PDF တပ်ရင်း(၁၄) တပ်ခွဲမှူး ဗိုလ်ရာမက ပြောပါတယ်။
“ရေဦးမြို့ထွက်မှာတစ်စီး၊ မုတ်စီရွာထိပ်မှာ တစ်စီး၊ မုဒုံမှာတစ်စီး လက်ယာကုန်းက စစ်သားတွေကို ကြိုတာ။ သူတို့ကို ရေဦး-သပိတ်ကျင်းလမ်းပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ မုဒုံကတော့ မိုင်းအရင်ခွဲတယ် ပြီးတော့ ရဲဘော်တွေက လက်နက်ကြီးနဲ့ တစ်ချက်ပစ်တယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ ပြန်ဆုတ်တဲ့အချိန်မှာ ရေဦးဘက်က စစ်သား ၄ယောက် ဆိုင်ကယ်နဲ့ပတ်တဲ့အချိန် မိုင်းဆွဲတိုက်ခိုက်တာ ၃ယောက် နေရာတင်သေသွားတယ် တစ်ယောက်ကတော့ ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်။”
စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ရဟတ်ယာဥ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လည်းပြောပါတယ်။
မနေ့ကလက်ယာကုန်းရွာမှာ လေယာဥ်နဲ့ ပစ်ခတ်ခံရပြီးနောက် ရဲဘော်တွေပိတ်မိနေခဲ့ပြီး မနက်ပိုင်း အဆက်အသွယ်ရချိန်မှာ တော်လှန်ရေး ရဲဘော်တယောက် ပစ်ခတ်ခံရလို့ ကျဆုံးသွားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ည ၈ နာရီလောက်မှာ ကျေးရွာမှာရှိတဲ့ ၈ တန်း၊ ၉တန်းအရွယ် ကျောင်းသားအယောက် ၂၀ လောက်ကို ရေဦးမြို့တိုင်းရင်းဆေးရုံထဲ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗိုလ်ရာမက ပြောပါတယ်။
“ကျောင်းသားကလေး အယောက်၂၀ကိုလည်း ဖမ်းပြီးတော့ ရေဦးမြို့တိုင်းရင်းဆေးရုံထဲမှာ ဓားစာခံအဖြစ်ထားတာပေါ့။ အခုချိန်ထိ ခေါ်ထားတုန်းပဲ။ တိုင်းရင်းဆေးရုံထဲမှာ အင်အား အယောက် ၁၀၀ လောက်ထပ်တိုးတယ်။ လက်ယာကုန်းမှာချတဲ့ စစ်သားတွေအကုန်လုံးကို ရေဦးမှာပြန်ပြီးတော့ မနေ့ညနေပိုင်းက ပြန်ခေါ်ပြီးတော့ တိုင်းရင်းဆေးရုံထဲမှာ ဝင်သွားတာ။”
ရေဦးမြို့နယ်တိုင်းရင်းဆေးရုံမှာ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ လုံခြုံရေးယူထားပါတယ်။
စက်တင်ဘာ ၁၃ ရက်ကလည်း ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့စဥ် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရေဦးမြို့နယ်တစ်ဝိုက်လုံခြုံရေးတင်းကျပ်ထားပြီး ရေဦးမြို့ဝင် မြို့ထွက်တွေမှာလည်း အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိရပါတယ်။
နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနဲ့ နယ်စပ်ရောက် ကျောင်းသားလူငယ်တွေနဲ့ CDMဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်ရေးအတွက် ထိုင်းတပ်မတော်က ကူညီဆောင်ရွက်ပေးဖို့ မြန်မာနဲ့ ထိုင်း စစ်တပ်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ ဆုဆတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၂၉ ရက်က နေပြည်တော်မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ဆုံခဲ့တာပါ။
တွေ့ဆုံရာမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် ပိုမိုတိုးမြှင့်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အပါအဝင် တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားဖို့တွေဆွေးနွေး ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်တွင်း၊ ပြည်ပရှိ တချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နဲ့ CDMဝန်ထမ်းတွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်ကလည်း နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးသွားဖို့ ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။
(၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဇွန်လ ၂၇ မှ ၂၉ ရက်အထိ ၃ ရက်တာကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ထိုင်းဘက်က ကြည်းတပ် အမှတ် ၃ ဌာနချုပ် တပ်ရင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ ဆုဆတ်နဲ့ မြန်မာဘက်က ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ဦး ဆောင်ဆွေးနွေးခဲ့တယ်လို့ ထိုင်းတပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
၃ ရက်တာဆွေးနွေးပွဲမှာ နှစ်ဘက်ကော်မတီတွေအနေနဲ့ နားလည်မှုတွေရယူခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ရေး ၊ နှစ်ဘက်ဒေသတွင်းအကျိုးရှိစေမယ့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှိမ်နင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ MOU စနစ်နဲ့သာ ဝင်ရောက်လုပ်ကိုင်ရေး ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ထိပါးစေမယ့် အရေးကိစ္စတွေကို အတူတကွပူးပေါင်းဖြေရှင်းရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ ထိုင်းတပ်မတော်သတင်းမှာ ဖော်ပြပါတယ် ။
Photo-MOI