ကျောင်းသားများသမဂ္ဂ သပိတ်ခေါင်းဆောင်

August 1, 2021

ရိုက်နှက်ဖမ်းဆီးခံရသည့် နေပြည်တော်ကျောင်းသားများသမဂ္ဂ သပိတ်ခေါင်းဆောင်အတွက် မိသားစု စိုးရိမ်

စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခေါ်‌သွားတဲ့  နေပြည်တော်ကျောင်းသားများသမဂ္ဂ သပိတ်ခေါင်းဆောင် ကိုကျော်ဘိုဘိုခန့်နဲ့  ဖမ်းဆီးခံရပြီး ၄ ရက်ပြည့်တဲ့တိုင် အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေနဲ့ ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။

ဇူလိုင် ၂၇ ရက်နေ့က ကိုကျော်ဘိုဘိုခန့်ဟာ သပိတ်စစ်ကြောင်းမထွက်မီ နေမကောင်းလို့ ဘုန်းကြီးကျောင်းမှာ နားနေတဲ့အချိန် စစ်တက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

နေပြည်တော်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးက "ကိုကျော်ဘိုဘိုခန့်က သပိတ်စစ်ကြောင်းတွေမှာ ထင်ထင်ပေါ်ပေါ်ရှိခဲ့တဲ့သူဖြစ်တယ်။ ဒါကြောင့်လည်း သူ့ကို အလွန်အကျွံ နှိပ်စက်စစ်မေးမှာ ကျနာ်တို့အနေနဲ့ စိုးရိမ်နေတယ်။ စဖမ်းခံရကတည်းက ကိုကျော်ဘိုဘိုခန့် အနေနဲ့ ကျန်းမာရေး အတော်မကောင်းဖြစ်နေတာ။ ခုထိတိတိကျကျ ဘာမှမသိရသေးသလို၊ စကစရဲ့ လက်ဝေခံ MWD၊ MRTV တို့လို သတင်းဌာနတွေမှာတောင် ကိုကျော်ဘိုဘိုခန့်ရဲ့ အဖမ်းခံရတဲ့သတင်းက တက်မလာတဲ့အတွက် အသက်အန္တရာယ်ထိပါ အထူးစိုးရိမ်နေတယ်။ သူတို့လက်ထဲရောက်သွားရင် ဘာမှအာမခံချက်မရှိတော့ဘူး'' လို့ ပြောပါတယ်။

ကိုကျော်ဘိုဘိုခန့်ရဲ့ မိခင်ဖြစ်သူဟာလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သားဖြစ်သူအတွက် စိုးရိမ်ပြီး အိပ်ရာထဲ ဘုန်းဘုန်းလဲနေတယ်လို့ ဆိုရပါတယ်။

ကိုကျော်ဘိုဘိုခန့်ဟာ ရမည်းသင်းနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး နေပြည်တော်သပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

နွေလှိုင်း(YU)

3 months Ago
Up