ကျောင်းများ ပြန်ဖွင့်ရန်

July 8, 2020

ကျောင်းများ ပြန်ဖွင့်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို အမေရိကန်သမ္မတထရမ့် ပြော

အမေရိကန် သမ္မတက ကျောင်းတွေကို ပြန်ဖွင့်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးမယ်လို့ ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုတွေကတော့ ပုံမှန်တိုးနေဆဲပါ။ တချို့လူတွေဟာ နိုင်ငံရေးအကြောင်းပြချက်အတွက် ကျောင်းတွေကို ဆက်ပိတ်ထားရစေချင်နေတယ်လို့ ထရမ့်က အိမ်ဖြူတော်မှာ လုပ်တဲ့၊ ကျောင်းတွေကို ပြန်ဖွင့်ရေး ဆွေးနွေးပွဲအတွင်းမှာ ပြောပါတယ်။ ဒေသန္တရအစိုးရတွေနဲ့ ပြည်ထောင်စု အစိုးရတို့က ကျောင်းတွေကို ထိန်းချုပ်ပြီး လာမယ့်နှစ် ကျောင်းဖွင့်ရာသီမှာ သူငယ်တန်းကနေ ၁၂ တန်းအထိ ကျောင်းတွေပြန်ဖွင့်ရေး ဘယ်လို ကိုင်တွယ်မလဲဆိုတာ နည်းလမ်းရှာနေတာပါ။ ကူးစက်နှုန်းမြင့်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးနဲ့ ပညာရေး လိုအပ်ချက်ကြား ဟန်ချက်ညီရေး ကြိုးစား ညှိနှိုင်းနေပါတယ်။ ပညာရေး ကျွမ်းကျင်သူတွေကလည်း လူမှုဆက်ဆံရေးနဲ့ ကျောင်းတွင်း စားနပ်ရိက္ခာ အစီအစဉ်တွေလို တခြားခံစားခွင့်တွေက မရှိမဖြစ် အရေးပါတယ်လို့ ထောက်ပြကြပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ ပညာသင်ကြားခြင်း အစီအစဉ်ဟာ ပိုဆင်းရဲတဲ့လူတွေနဲ့ ပိုချမ်းသာတဲ့ လူတွေကြားက ကွာဟချက်ကို ပိုကျယ်ပြန့်စေလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေက စာသင်နှစ် ပြောင်းတာနဲ့ အွန်လိုင်းသင်ခန်းစာတွေ အပါအဝင် သူတို့ ကျောင်းအစီအစဉ်တွေကို ပြန်စရေး ချိန်ဆနေကြပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ အွန်လိုင်းကနေပဲ စာသင်မယ်လို့ ဟားဗတ်တက္ကသိုလ်က ဇူလိုင် ၆ ရက်နေ့မှာ ကြေညာပါတယ်။
10 months Ago
Up