ကျောင်းဖွင့်ချိန်

September 14, 2021

ထိုင်းတွင် နိုဝင်ဘာကျောင်းဖွင့်ချိန်အမီ ကျောင်းသားများကို Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

ထိုင်းနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ကျောင်းဖွင့်ချိန်အမီ ကျောင်းသားကျောင်းသူတွေကို  အမေ ရိကန်ထုတ် Pfizer ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးသွားဖို့ ပြင်ဆင်နေတယ်လို့ ထိုင်း ပညာရေးဝန်ကြီး ထရင်နူးထင်ထောင်းက ပြောပါတယ်။

နိုင်ငံတဝန်း စာသင်ကျောင်းတွေကို  ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လာမယ့် နိုဝင်ဘာလထဲမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ပုံမှန်ကျောင်းစာသင်ခန်းဝန်းကျင် ပြန်လည်ရရှိနိုင်ဖို့ လာမယ့် အောက်တိုဘာလထဲမှာ ကလေးတွေကို ကာကွယ်ဆေးထိုးပေး မယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အခြေအနေစီမံကြီးကြပ်ရေးစင်တာ(စီစီအက်စ်အေ)ကလည်း ဒီကာကွယ်ဆေးထိုးနှံမှုကို အတည်ပြုထားပြီးဖြစ်ကာ နိုင်ငံတဝန်း အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူ ၄ သန်းခွဲကို ထိုးနှံပေးသွားမယ်လို့ ပြောပါတယ်။

လာမယ့် ၂၀၂၁ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ် နိုဝင်ဘာလထဲမှာ ဖွင့်လှစ်မယ့် အချိန်မီ ကာကွယ်ဆေးတကြိမ်ထိုးနှံမှုကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်နယ်မြေ ၂၉ ခုက ကျောင်းသားကျောင်းသူတွေကို ဦးစားပေးဖို့  ထိုင်းပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

အဆိုပါ အန္တရာယ်ရှိ အနီရောင်ဇုန် နယ်မြေ ၂၉ ခုထဲမှာတော့ စာသင်ကျောင်းပေါင်း  ၁၅,၄၆၅ ခုရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၄ သိန်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်ရှိနေပါတယ်။

2 years Ago
Up