ကျောင်းထိုင်ဆရာတော်

A d v e r t i s e m e n t With Us

December 30, 2020

ကျောင်းကုန်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော် ရေတွင်းထဲပြုတ်ကျ ပျံလွန်တော်မူ 

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု၊ ကျီးတောကျေးရွာနေ ကျောင်းထိုင်ဆရာတော် တစ်ပါးဟာ  အသုံးမပြုတော့တဲ့ ရေတွင်းဟောင်း နှုတ်ခမ်းပေါ်ထိုင်ပြီး ဖုန်းပြောနေစဉ် ရေတွင်းထဲပြုတ်ကျ ပျံလွန်တော်မူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဘုန်းကြီးတစ်ပါး ရေတွင်းထဲပြုတ်ကျသေဆုံးနေကြောင်း သတင်းအရ ကျောင်းကုန်းမြို့မရဲ စခန်းက ဒုရဲအုပ် ထက်ဝေဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၂၈ ရက်နေ့က သွားရောက် စစ်ဆေးချိန်မှာ ရေတွင်းထဲမှာ ပျံလွန်တော်မူနေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပျံလွန်​​တော်​မူခဲ့တဲ့ ကျောင်းထိုင် ဆရာ​တော်​ကို ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်မှာ နေ့ဆွမ်းအလှည့်ကျသူအလှူရှင်က ဆွမ်းချိုင့်သွားပို့စဉ် ဆရာတော်ကို မတွေ့တော့လို့ ဆရာတော့်ဖုန်းကို ဆက်ရာမှာလည်း ဆက်သွယ်လို့ မရခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသိပေးခဲ့​ပြီး လိုက်လံရှာဖွေခဲ့ရာ ခုလို့တွေ့ရှိခဲ့ တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ရေတွင်းဟောင်းအတွင်း မှောက်လျှက်အနေအထားနဲ့ ရေနစ်ပျံလွန်တော်မူနေတာ စစ်ဆေး​တွေ့ရှိရလို့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ဖို့ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့​ဆောင်ပြီး စစ်ဆေးနေတယ်လို့ ​ကျောင်းကုန်းမြို့မရဲစခန်းက ပြောပါတယ်။ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် (၃၉) နှစ်သာ ရှိသေးပြီး ကွန်ကရစ်နဲ့ ပြုလုပ်ထားတဲ့ ရေတွင်းနှုတ်ခမ်းပေါ်မှာ ထိုင်ကာ နေ့စဉ်ဖုန်းပြောတတ်ပြီး သွေးတိုးရောဂါနဲ့ နှလုံးရောဂါအခံရှိသူဖြစ်တယ်လို့ ဆရာတော်ရဲ့တူတော်စပ်သူထံက သိရပါတယ်။ ဒီဖြစ်​စဉ်​နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၀)နဲ့ ဖွင့်လှစ်စစ်ဆေးနေပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်​ပုံ-ဝင်းကြိုင်(ကျောင်းကုန်း)  
2 months Ago
Up