ကျောင်းဆရာ

November 28, 2020

ဧရာဝတီတိုင်းတွင် ဒုမဲရုံမှူး ကျောင်းဆရာအပါဝင် စုစုပေါင်း ၁၁၇ ဦး ရောဂါပိုးတွေ့

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါပိုးတွေ့တဲ့အထဲ ပုသိမ်မြို့မှာ ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာ ပါဝင်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လူမူကွန်ရက်မှာ ရေးသားထားပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာဟာ အထက ၅ မှာ ဒုမဲရုံမှူးအဖြစ် ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က လစာထုတ် သွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဖျားနာပြီး အနံ့မရတာ ၃ ရက်ရှိလို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့ သာသနာ့ဗိမာန်မှာဖွင့် လှစ်ထားတဲ့ Fever Clinic ကို လာရောက်ပြသလို့ ရောဂါပိုးစစ်ဆေးချိန်မှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့တာဖြစ်ပြီး ပုသိမ်တိုင်းရင်းဆေးရုံကြီးမှာ ရောဂါကုသမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့ မြို့နယ်တွေကတော့ မော်ကျွန်းမြို့မှာ ၅၂ ဦး၊ ကျိုက်လတ် ၁၃ ဦး၊ ဒေးဒရဲ ၁၂ ဦး၊ ဖျာပုံ ၁၁ ဦး၊ ဓနုဖြူ၊ ညောင်တုန်းနဲ့ ကျုံပျော်မှာ ၆ ဦးစီ၊ ပုသိမ် ၄ ဦး၊ မြောင်းမြ ၃ ဦးနဲ့ ဟင်္သာတမှာ ၂ ဦးစီ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်ထိ အတည်ပြုလူနာ ၂၇၁၁ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၁၉၃၆ ဦးရှိကာ သေဆုံးလူနာ ၁၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
5 months Ago

June 19, 2020

ဒေးဒရဲမြို့နယ် လေးကျေးရွာ ကျောင်းဆရာအမှု စွဲချက်တင် အမိန့်ချ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာရှိ ကျောင်းမြေ လန ၃၉ ကို လိမ်လည် လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုထားတဲ့ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်တွေရဲ့အမှုကို ဇွန် ၁၈ ရက်နေ့က ၄၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲချက်တင်အမိန့် ချမှတ်ခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရတဲ့ ကျောင်းဆရာနှင့် အကျိုးတော်ဆောင်တွေကို မနေ့က ရုံးထုတ် စစ်ဆေးချိန်မှာ တရားစွဲဆိုခံထားရမှုနဲ့ပတ်သက်ပြီး စွဲချက်တင်တဲ့အမိန့်ချမှတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်လွင်က DVB ကို ပြောပါတယ်။ "တဖက်က တရားလိုစစ်ဆေးပြီးရင်တော့ စွဲချက်အမိန့်ချရတယ်၊ စွဲချက်တင်တာရှိတယ် မတင်တာရှိတယ်။ စွဲချက်တင်တယ်ဆိုတာကတော့ ဖြေရှင်းဖို့တာဝန်ပေးတာ၊ စွဲချက်မတင်ရင်တော့ တရားရှင်လွှတ်တာ။ စွဲချက်တင်တယ်ဆိုတာကတော့ စွပ်စွဲခံရသူတွေကို ပြန်စစ်ဆေးဖို့အတွက် အမိန့်ချတဲ့သဘောဖြစ်တယ်။" လာမယ့် ဇူလိုင်လ ၂ ရက်နေ့ ရုံးချိန်မှာ တရားလိုဘက်က စစ်ပြီးသား သက်သေ ၂ ဦးနဲ့ စွပ်စွဲ ခံထားရတဲ့ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင် ၁ ဦးကို ထပ်မံစစ်ဆေး သွားဖို့ရှိတာကြောင့် အမှုကတော့ ၃ လ ၄ လလောက်ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။ လေးကျေးရွာက ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီကို လန ၃၉ ကို လိမ်လည် လျှောက်ထားတယ်ဆိုပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ ပုဒ်မ ၄၂၀၊ ၄၆၈ တို့နဲ့ တရားစွဲဆိုကာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ခဲ့တာပါ။ အမှုနဲ့ပတ်သက်ပြီး ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်တွေကို တရားစွဲဆိုတဲ့အပေါ် မတရား တရားစွဲဆိုခြင်းသာဖြစ်တယ်ဆိုပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူ ၅၀၀ နီးပါးက မြို့နယ်အတွင်းမှာ ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ မင်းထက်မုန်း (ပုသိမ်)
10 months Ago
Up