ကျောက်သိုက်

January 30, 2021

ကျောက်ဟောင်းများမြှုပ်ထားသည့် ကျောက်သိုက်တွေ့ရှိ၍ ရေမဆေးကျောက်ရှာသူများ တူးဖော်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာအနီးက မြေစာပုံအဟောင်းတခုမှာ ကျောက်စိမ်းအဟောင်း မြှုပ်နှံထားတဲ့ ကျောက်သိုက်တခု တွေ့ရှိခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေ တူးဖော်နေကြပါတယ်။

တချိန်က ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတခုရဲ့ စွန့်ပစ်မြေစာပုံအဟောင်းမှာ တွေ့ရှိခဲ့တာပါ။ ယခင်က မက်စ်မြန်မာ (Max Myanmar ) ကုမ္ပဏီနေရာဖြစ်ပြီး နောက်ပိုင်းမှာ တစ်သုံးလုံး ကုမ္ပဏီက မြေစာစွန့်ပစ်တဲ့နေရာ ဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။ 

ကုမ္ပဏီက မလိုချင်လို့ မြှုပ်ပစ်ခဲ့တဲ့ကျောက်တွေ ဖြစ်ဖို့များတယ်လို့လည်း ကထန်ရွာသား ကိုမျိုးဝင်းညွန့်က ပြောပါတယ်။

“အရင်က ကုမ္ပဏီတွေက ကောင်းပေ့ဆိုတဲ့ ရှယ်တွေပဲ ယူကြတာလေ။ သိန်းပေါင်း သောင်းထပ် သိန်းထပ်တန်တဲ့ ကျောက်ကောင်းတွေပဲ ယူကြတာလေ။ သိပ်မကောင်းလောက်တဲ့ ကျောက်ဆို မယူကြဘူးလေ။”

အခုနေရာမှာ အရင်က တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကုမ္ပဏီတခုက ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အခုတွေ့ရှိတဲ့ကျောက်ထဲမှာ သိန်းပေါင်း ရာပိုင်း၊ ထောင်ပိုင်း တန်တဲ့ ကျောက်တွေလည်း ပါရှိနိုင်ပြီး လောလောဆယ် သိန်းပေါင်း လေး ငါးဆယ်တန်တဲ့ ကျောက်တွေ ရောင်းနေရတာ တွေ့တယ်လို့လည်း သိရပါတယ်။

အမည်မဖော်လိုတဲ့ ဝယ်ရောင်းလောပန်းတဦးက “သိန်းပေါင်း ရာပိုင်း ထောင်ပိုင်း တန်တဲ့ ကျောက်တွေ ပါနိုင်တယ်ဗျ။ အခု ကျနော်တို့တောင် ဆယ်ကြီးရာပိုင်း ကျောက်တွေ ဝယ်နေရတာဗျ” လို့ ပြောပါတယ်။

သတင်း - ဇော်မိုးထက်(ဖားကန့်)

9 months Ago
Up