ကျောက်မြောင်း ပစ်ခတ်စီးနင်းမှု

February 26, 2021

ကျောက်မြောင်း ပစ်ခတ်စီးနင်းမှုအတွင်း လူ​​ ၃၀ ထက်မနည်း ဖမ်းဆီးခံရ

ရန်ကုန် တာ​မွေမြို့နယ် ကျောက်မြောင်းမှာ  ဖေဖော်ဝါရီ ၂၅ ရက်ညက   ရဲနဲ့စစ်တပ်က  အကြမ်းဖက်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ  ဖမ်းဆီးခံရသူ အ​ယောက် ၃၀ ထက်မနည်းရှိနိုင်​ပြီး တာ​မွေစခန်းမှာမရှိဘဲ ဘယ်​ခေါ်​ဆောင်သွားလဲ မသိ​သေး​ဘူးလို့ ဖမ်းခံရသူ​တွေရဲ့ မိသားစုဝင်​တွေက ​ပြောပါတယ်။ 

အာဏာသိမ်းစစ်​ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်​ရေးမှူးသစ်ကို လက်မခံဘဲ ကန့်ကွက်တဲ့ ရပ်ကွက်​နေပြည်သူ​တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက် ဖမ်းဆီးပြီး​နောက် ပစ်ခတ်တာ​တွေလည်း လုပ်ခဲ့ပါတယ်။

ဖေ​ဖော်ဝါရီ ၂၆ ရက်​နေ့ မနက် ၁၀ နာရီ​ကျော်မှာ​တော့ ဖမ်းခံရသူ​တွေ အ​ခြေအ​နေသိဖို့ တာ​မွေတရာရုံး​ရှေ့မှာ ​ရှေ့​နေ​တွေနဲ့  မိသားစုဝင်​တွေ ​စောင့်ဆိုင်း​နေတာ ​တွေ့ရပါတယ်။

ရဲစခန်းက​ တရားရုံးအချုပ်မှာ ရှိတယ်ဆိုတာ​ကြောင့်  တရားရုံး​ရှေ့မှာ လာ​ရောက်​​ စောင့်ဆိုင်း​နေတာဖြစ်ပြီး အင်းစိန်​ထောင်မှာ ချုပ်ထားတယ်ဆိုတာ​လည်း ကြားတာကြောင့် ဆက်လိုက်သွားမယ်လို့ မိသားစုဝင်တစ်ဦးက​ပြောပါတယ်။

မနေ့ည ၇ နာရီလောက်က ရဲတပ်ဖွဲ့နဲ့ စစ်သား​တွေ အောင်မင်္ဂလာလမ်း​တွေထဲ ဝင်ရောက်လာကာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ ဖမ်းဆီးမှုတွေလည်းရှိခဲ့သလို အင်းဝလမ်း ထောင့်က လက်ဘက်ရည်ဆိုင်က ၂ ဦးကိုလည်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ 

 မနေ့ည သန်းခေါင်ကျော် ၁ နာရီကျော်လောက်မှာလည်း ဗညားဒလလမ်းမကြီးပေါ်မှာ ပစ်ခတ်သံတွေကြားခဲ့ရပြီး ၂ နာရီလောက်မှာတော့ စစ်တပ်နဲ့ရဲတွေ ပြန်လည်ထွက်ခွာသွားကြပါတယ်။

ဒီအ​ခြေအ​နေ​ကြောင့် နီးစပ်ရာမှာ ပုန်းခို​နေရတဲ့သူတချို့ မနက် ၃ နာရီ ​လောက်မှ သူတို့​နေအိမ်​တွေကို ပြန်ရောက်တာ​တွေရှိ​ကြောင်း ​ကျောက်​မြောင်းကြီးရပ်ကွက်​နေ ပြည်သူတစ်ဦးက ​ပြောပါတယ်။

2 years Ago
Up