ကျောက်မျက်အသင်း ပြော

February 9, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောက်စိမ်းဈေးကွက်ထိခိုက်နိုင်ဟု ကျောက်မျက်အသင်း ပြော

တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းက ကျောက်စိမ်းဈေးကွက်ကို ကြီးကြီးမားမား ထိခိုက်လာနိုင်တယ်လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာနိုင်ငံက ကျောက်စိမ်းဟာ တရုတ်ကိုပဲ အားကိုးရောင်းချ‌နေရတာဖြစ်ပြီး ၃ လလောက် လုပ်ငန်းတွေကောင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် အသင်း ဒုတိယဥက္ကဌ ဦးကျော်သူရက ပြောပါတယ်။ “လက်ရှိအခြေအနေက သူတို့ရဲ့ကျန်းမာရေး ဘယ်လောက်အထိ ကောင်းမယ်ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အနည်းဆုံးတော့ ၂ လ၊ ၃ လအထိ ကျောက်စိမ်းဈေးကွက် လုံးဝအေးစက်နေလိမ့်မယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့ဆွဲတဲ့ လေယာဉ်တွေလည်း ရပ်ဆိုင်းသွားပြီ။ တရုတ်ပြည်က ဝင်လာတဲ့ ဧည့်သည်တွေကိုလည်း မြန်မာပြည်က ပိတ်ပင်ထားပြီ။ ရန်ကုန်၊ မန္တလေးမှာလည်း ကုန်သည်တွေ ဝင်ရောက်ဖို့ မရှိပါဘူး။ မန္တလေး ကျောက်ဝိုင်းမှာလည်း ကုန်သည်တွေ အဝင်နည်းသွားတယ်။ မန္တလေးမှာ လုပ်မယ့်ပြပွဲတွေကိုလည်း အကုန်လုံး ရက်ရွှေ့ဆိုင်းထားပြီ။ နေပြည်တော်မှာရှိတဲ့ ဒီ ၃ လပိုင်း မတ်လမှာ ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ပြပွဲကြီးကလည်း အဓိက တရုတ်ကုန်သည်တွေကို အားကိုးပြီး ရောင်းချရတဲ့ပွဲ ဖြစ်တဲ့အတွက် အဲဒီပွဲကလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ပါပြီ။ လက်ရှိ ၃ လအတွင်းတော့ လုံးဝကောင်းလာဖို့ အနေအထား မရှိသေးဘူးလို့ ယူဆရပါတယ်။” အဲဒီလို ကျောက်စိမ်းဈေးကွက် အေးစက်သွားပေမယ့် တူးဖော်ရေးလုပ်ငန်းတွေကတော့ ဆက်လုပ်နေမယ်လို့ သူက ပြောပါတယ်။ လုပ်လက်စလုပ်ငန်း ဖြစ်နေတာရော၊ ဝန်ထမ်းတွေအတွက် အလုပ်အကိုင် ဆက်ရှိနေဖို့အတွက် လုပ်လက်စ တူးဖော်ရေးလုပ်ငန်းတွေကိုတော့ မနားဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တရားမဝင်လမ်းကြောင်းကနေ တရုတ်ကျောက်စိမ်းကုန်သည်တွေ ဝင်ရောက်မှု ဖြစ်လာနိုင်ခြေ နည်းပေမယ့် တရားမဝင်လမ်းက ခိုးဝင်ပြီး ဝယ်ရောင်းလုပ်နေတာမျိုးကို ပြည်တွင်းလုပ်ငန်းရှင်‌တွေဘက်က လက်ခံသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။  ကျောက်စိမ်းဈေးကွက် အေးစက်နေချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ငွေချေးပြီး ‌ဝယ်စုထားတာမျိုး မလုပ်သင့်ဘူးလို့ သူက ထောက်ပြပါတယ်။ ‌ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းဈေးကွက်ဟာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေကို ၉၀ ရာခိုင်နှုန်း မှီခိုနေရတာဖြစ်လို့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှသာ ကျောက်စိမ်းစျေးကွက် ပြန်လည်ကောင်းမွန်လာနိုင်မယ်လို့ သိရပါတယ်။ ဇော်မိုးထက် (ဖားကန့်)
1 year Ago
Up