ကျောက်မျက်တွင်း

October 6, 2021

မိုးကုတ်မြို့က ပြည်သူနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး ၁ ဦး ၅ သိန်းဖြင့် ရွေးခိုင်းနေ

မန္တလေးတိုင်း မိုးကုတ်မြို့ ရွှေပြည်အေးလုပ်ကွက်အနီး ကျောက်မျက်တွင်း အခြေအနေ လာကြည့်တဲ့ ပြည်သူ ၂ ဦးကို စစ်အုပ်စုက အောက်တိုဘာ ၅ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးပြီး တစ်ဦးကို ၅ သိန်းနဲ့ ရွေးခိုင်းနေတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ညက ကျောက်မျက်လုပ်ကွက်တွေ နားထားတော့ လူနှစ်ယောက်က ကျောက်မျက် လုပ်ခွင့်ပေးပြီလား လာကြည့်တာ၊ သူတို့လာတာကို ကင်းစောင့်နေတဲ့ စစ်သားတွေက တွေ့တော့ ရပ်ခိုင်းတယ်။ ဟိုက မရပ်ပေးတော့ ပစ်လိုက်မှာနော် ပစ်လိုက်မှာနော်လို့ လှမ်းအော်တာ။ မိုးက ရွာထားတော့ လမ်းချော်နေတာနဲ့ ဆိုင်ကယ်က မောင်းမရတော့ ဖမ်းမိသွားတာ” လို့ ပြောပါတယ်။

ပြည်သူနှစ်ဦးကို ဒူးထောက်ထိုင်ခိုင်းပြီး နောက်မှာတော့ ဆိုင်ကယ်ကော လူကော ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့​ ဂေါက်ကွင်းက ရွှေပြည်အေးလုပ်ကွက်မှာ အရင်က ၁ လကို ၃ သိန်းကျပ် စစ်အုပ်စုကို ပေးပြီး လုပ်ကိုင်ခဲ့ရတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက လုပ်ကွက်အနီးမှာ တပ်စွဲထားပြီးနောက် တွင်းကို ပေးမလုပ်တော့ဘဲ ပိတ်ထားခဲ့ပေမယ့် တချို့ရက်တွေမှာ တွင်းလုပ်ကိုင်ခွင့်ရပြီး လုပ်ကွက်ပေါ် မူတည်ပြီး ပိုက်ဆံပေးရတယ်လို့ ဆိုပါတယ်။

“အရင်က ၁ လ ၃သိန်းနဲ့ လုပ်ရတယ်၊ ခုက တွင်းဆင်းရတဲ့ရက်ဆိုရင် တစ်တွင်းကို ၃၀၀၀၀ ကနေ ၅၀၀၀ ထိရှိတယ်။ ခုက ပေးမလုပ်တာနည်းနည်းကြာပြီ၊ သူတို့ပေးဆင်းတဲ့ရက် ပေးဆင်း တယ်။ ပေးမဆင်းတဲ့ရက်အခြေအနေ မကောင်းဘူးပြောပြီး ပေးမလုပ်ဘူး။ အဲ့နေ့တွေတော့ ပိုက်ဆံမပေးရဘူး၊ တွင်းလုပ်ရတဲ့ရက်ကျတော့ပေးရတယ်” လို့ ဒေသခံက ပြောပါတယ်။ 

မိုးကု​တ်က ရွှေပြည်အေးကျောက်မျက်လုပ်ကွက်က တွင်းအချို့ကို စက်တင်ဘာ ၂၃ ရက်နေ့မှာ စစ်အုပ်စုက စက်တွေနဲ့ မြေတွေဖို့ထားပေမယ့် အချို့ရက်တွေမှာ တွင်းပေးဆင်းပြီး အချို့ရက်တွေမှာတော့ လုပ်ခွင့်မပေးဘဲ ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။

1 week Ago
Up