ကျောက်မဲမြို့နယ်

January 27, 2021

ကျောက်မဲမြို့နယ်တွင် အမျိုးသား ၁ ဦး မိုင်းထိမှန် ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းရွာမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီကျော်လောက်က  အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့လို့ ဒဏ်ရာရ သွား ပါတယ်။

ညောင်မောင်းကျေးရွာသား စိုင်းသိန်းအောင် ၃၅ နှစ်ဟာ ရွာနဲ့ ၂ မိုင်ကျော်မှာ မြင်းသွားရှာရင်း မိုင်းနင်းမိတာဖြစ်ပြီး ညာဒူး၊ ပေါင်ရင်းနဲ့ တင်ပဆုံပေါက်ပြဲဒဏ်ရာပြီး မနေ့ည  ၉ နာရီခွဲလောက်က ကျောက်မဲ ဆေးရုံရောက်လာတယ်လို့  ကိုဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

မိုင်းထိလူနာကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းဝင် စိုင်းလွမ့်ခေးက “ သူမြင်းသွားရှာရင်းနဲ့ သွားနင်းမိတော့ အသံကြားလို့ဆိုပြီးတော့ ရွာနဲ့လည်း သိပ်မဝေးဘူး။ ရွာနဲ့ အလွန်ဆုံးဝေးမှ ၁ မိုင်၊ ၂ မိုင်လောက်ဝေးမယ်။ မိုင်းကွဲသံကြားတော့ ရွာထဲကလူတွေ သွားကြည့်ကြတာ။ အချိန်တော့ အတိအကျ မသိဘူး။ ၄ နာရီကျော်၊ ၄ နာရီခွဲ ကြားပေါ့။ အဲဝန်းကျင်လောက်မှာ။ အဲမှာ သူတို့ ရွာကို ပြန်သယ် လာပြီးမှ ကျနော်တို့ကို အကြောင်းကြားတယ်။"လို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့ စိုင်းသိန်းအောင်ဟာ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာဟာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

လက်ဖက်ခြံတွေကို အားထားပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံတွေအနေနဲ့ စစ်ကြွင်းစစ်ကျန် မြေမြှုပ်မိုင်းတွေ မကြာမကြာ ပေါက်ကွဲမှုကြောင့် လုပ်ကိုင်စားသောက် သွားလာဖို့  ကြောက်ရွံ့ စိုးရိမ်နေကြရပါတယ်။

သတင်း - Pra Jaw၊ ဓာတ်ပုံ - နမ့်ခုံးရှမ်းများပရဟိတအသင်း

3 months Ago

December 28, 2020

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲကြောင့် ပြည်သူများ နေရပ်စွန့်ခွာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုက စစ်ဘေးရွာသားတွေဟာ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့က နေရပ်စွန့်ခွာထွက်ပြေးလာကြတယ်လို့ ကျောက်မဲ စစ်ရှောင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်း အမျိုးသားလွတ်မြာက်‌ရေးတပ်မတော် TNLA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ သုံးရက်လောက် ဖြစ်ပွားခဲ့တဲ့အတွက် ရွာသားတွေ စစ်ဘေးရှောင်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်ရွာသားတွေအတွက် စားနပ်ရိက္ခာတွေနဲ့ စောင်တွေကို စစ်ရှောင် ကော်မတီရန်ပုံငွေနဲ့ ထောက်ပံ့ပေးနေတာရှိတယ်လို့  ဦးတင်မောင်သိန်းက ပြောပါတယ်။ လတ်တလောထွက်ပြေးလာတဲ့ လွယ်အံ(ကောင်းခါး)အုပ်စုမှ စစ်ဘေးရှောင်ပြည်သူ ၅၀ လောက်ကို ကျောက်မဲမြို့၊ ပိန္နဲကုန်းကျေးရွာ၊ ဝါဆိုကျောင်းတိုက်သို့ ပို့ဆောင်နေရာချထားတယ် လို့ အိုတမာဝ်လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။ စစ်ဘေးရှောင်တွေဘေးကင်းစွာ ရွာကနေထွက်ခွာလာနိုင်ဖို့အတွက် ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးအဖွဲ့နဲ့ အိုတမာဝ်လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ခေါ်ဆောင်ပေးနေကြသလို ကျောက်မဲ RCSS ဆက်ဆံရေးရုံးတာဝန်ခံကလည်း အခြေခံစားသောက်ကုန်တွေ သွားရောက်ထောက်ပံ့‌နေတာရှိတယ်လို့ သိရပါတယ်။ အန်စီအေ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့  အန်စီအေလက်မှတ်မထိုးရသေးတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တို့အကြား ဒီဇင်ဘာ ၇ ရက်ကလည်း  ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - အိုတမာဝ် 
4 months Ago
More News
Up