ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လင်ကျေးရွာမှ မေ ၅ ရက် က တောထဲ မြင်းသွားရှာတဲ့ကလေး နှစ်ယောက် မိုင်းနင်းမိပြီး ဆေးရုံတင်ထားရပါတယ်။
အဆိုပါကလေး နှစ်ယောက်ဟာ ပန်လင်ရွာက အသက် ၁၃ နှစ်အရွယ် မိုင်းကျော်ရန်နဲ့ အသက် ၆ နှစ်သား မိုင်းမင်းဟန်ဦးတို့ဖြစ်ပြီး သူတို့ရဲ့ ဒူးခေါင်း၊ ပေါင်၊ ခြေသလုံးနဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာပြင်းတဲ့အတွက် ကျောက်မဲဆေးရုံကနေ လားရှိုးဆေးရုံကို လွှဲပေးလိုက်ပြီလို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းရဲဝင်းအောင်က ပြောပါတယ်။
“သူတို့ရွာကတော့ ကျောက်မဲနဲ့ မိုင် ၂၀ လောက်ဝေးတယ်ခင်ဗျ။ ကျနော်တို့ဆီ အကြောင်း ကြားလာတာက ၁၁ နာရီထိုးခါနီးလောက်ပေါ့။ အိမ်ကမြင်းပျောက်သွားလို့ ရွာပြင်ဘက် လိုက်ရှာရင်း မိုင်းနင်းမိတာတဲ့။ ဒဏ်ရာရတဲ့နေရာတွေက နှစ်ယောက်လုံးတူတယ်။ ဒါပေမဲ့ ၆ နှစ်ရွယ်ကလေးက ပိုဆိုးတယ်။ သွေးထွက်များတော့ လမ်းမှာ အောက်စီဂျင်ပေးပြီး ခေါ်လာရတယ်။ ပထမကျောက်မဲဆေးရုံပို့ပေးပါတယ်။ အခုတော့ ကျောက်မဲကနေ လားရှိုးဆေးရုံကိုလွှဲ ပေးလိုက်ပြီခင်ဗျ။”
ကလေးမိဘတွေဟာ လက်ဖက်ခြံလုပ်ငန်းကိုသာလုပ်ကိုင်တာကြောင့် ငွေကြေမချောင်လည်ဘဲ ကလေး နှစ်ယောက်ခုလိုဖြစ်သွားတော့ ဆေးဖိုးဝါးခအကူအညီလိုအပ်နေပြီး လောလောဆယ် တအာင်းအမျိုးသမီးအဖွဲ့က ကျပ် ၅ သိန်း ကူညီထားပါတယ်။
မိုင်းနင်းမိတဲ့ကလေးတွေအတွက် ကူညီပေးလိုသူတွေအနေနဲ့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း ၀၉၄၄၅၀၁၆၇၆၁ / ၀၉၄၅၆၉၈၉၂၁၉ နဲ့ ၀၉၄၀၃၇၀၄၄၆၆ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။
ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်က TNLA တအာင်းတပ်မတော် ၊ SSPP တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ RCSS တပ်တွေတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တာပါ။
ဒီနှစ်ထဲမှာ တိုက်ပွဲငြိမ်သွားပေမဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတဝိုက်မှာ ရွာသားတွေ မကြာခဏမိုင်းနင်းမိကြပြီး စုစုပေါင်း ၁၃ ကြိမ်လောက်ရှိသွားပြီလို့ အိုမ်တမောဝ်အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ ရွာတရွာက မိသားတစု လက်ဖက်ခူးသွားရင်းအပြန်မှာ မိုးကြိုးစက်ကွင်းမိပြီး မူးလဲကြကာ အသက် ၁၄ နှစ်ရွယ် လူငယ်လေးကတော့ တော်တော်နဲ့သတိမရလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။
တော့ဆန်ကျေးရွာအုပ်စု စန့်ဟိန်းရွာက အဆိုပါမိသားစုဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ က တောင်စောင်းမှာ လက်ဖက်ခူးသွားကြပြီး နေ့လယ် ၂ နာရီကျော် အပြန်လမ်းမှာ မိုးတွေရွာ၊ လျှပ်စီးလျှပ်ပြီး မိုးကြိုးပစ်တာကြောင့် မိုးကြိုးစက်ကွင်းမိသွားတာလို့ သွားရောက်အကူအညီ ပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ အသင်းဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လက်ဖက်ခူးသွားတာ အဖေရယ်၊ အမေရယ်၊ သားရယ် ပြီးတော့ သူတို့အဒေါ်လည်း ပါတယ်။ သားက ရှေ့ဆုံးကနေသွားနေတာ မိုးကြိုးပစ်တော့ သူတို့ မူးလဲသွားကြတယ်တဲ့။ အဖေနဲ့ အမေက ခဏပဲမူးမေ့ပြီး ပြန်ထလာတယ်။ သူတို့သား စိုင်းထွန်းဇော်ကတော့ တော်တော်နဲ့သတိပြန်မရဘူး။ အဲဒါနဲ့ မနေ့က နမ့်ခုံးအသင်းကို ဖုန်းဆက်အကူအညီတောင်းလို့ ကျနော်တို့အဖွဲ့က ကားနဲ့သွားခေါ်လာတယ်။ သူတို့အိမ်ကနေ ကျောက်မဲဆေးရုံကိုခေါ်လာတာ၊ သတိရလိုက် မရလိုက် ယောင်ချာချာဖြစ်နေတယ်။ ဆရာဝန်ပြောတာ အာရုံကြောထိသွားတယ်တဲ့၊ ပြင်ပဒဏ်ရာကတော့ ဘာမှမရှိဘူး။”
ခုတပတ်တွင်း ရှမ်းပြည်နယ်မှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာကြောင့် နေအိမ်အတော်များများ ခေါင်မိုးလန် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
တာချီလိတ်မြို့နယ် လွိုင်တော်ခမ်းအုပ်စု စန်းလုကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။