ကျောက်ပုစွန်ဈေးနှုန်းများ

October 23, 2020

ကိုဗစ်ကာလ ရေးမြို့နယ်တွင် ကျောက်ပုစွန်ဈေးနှုန်းများကျဆင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်ရှိ ကိုဗစ်-၁၉ ကပ်ဘေး ဒုတိယလှိုင်း ကာလအတွင်း ကျောက်ပုစွန်ဈေးနှုန်းတွေ အရင်ကထက် ဈေးထက်ဝက်ကျော်နီးပါးလောက် ကျဆင်းသွားပါတယ်။ ကိုဗစ်မတိုင်ခင်ကာလက ရေးမြို့နယ်မှာ ကျောက်ပုစွန်ဈေးတွေ  ၁ ပိဿာကို ကျပ် ၄၀၀၀၀ ကနေ ကျပ်  ၅၀၀၀၀ အထိဈေးကြီးပေး ဝယ်စားရလာပေမယ့် အခု ကိုဗစ်ကာလမှာတော့  ကျပ် ၁၅၀၀၀ ဈေးလောက်နဲ့ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူရတယ်လို့ ကျောက်ပုစွန်စားသုံးသူတွေက ပြောပါတယ်။ ရေးမြို့နယ်ကနေ ရန်ကုန်နဲ့ မြ၀တီနယ်စပ် ဘက်ကို ကျောက်ပုစွန်တင်ပို့မှုတွေ အရင်လို ပုံမှန်ရှိနေပေမယ့် လတ်တလော သယ်ယူပို့ဆောင်တဲ့ ယာဉ်မောင်းတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ တွေ့ရှိလာတာနဲ့အမျှ လမ်းခရီးတွေမှာ အချိန်ကြန့်ကြာမှုတွေနဲ့ တွေ့ကြုံရတဲ့အခါ ကျောက်ပုစွန်တင်ပို့မှုတွေ ထိခိုက်လာဖွယ်ရှိတယ်လို့ ကျောက်ပုစွန်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရေးမြို့နယ်ကထွက်ရှိတဲ့ ကျောက်ပုစွန် အများစုဟာ ကဗျာဝပင်လယ်ကမ်းခြေကနေ ထွက်ရှိတာဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်ကျောက်ပုစွန် ရှာဖွေဖမ်းဆီးတဲ့သူတွေ၊ ကျောက်ပုစွန်မွေးမြူရေး လုပ်ကိုင်သူတွေနဲ့ အဝယ်ဒိုင်တွေဆီကနေ  ရန်ကုန်နဲ့ မြ၀တီနယ်စပ်ဘက်ကို အဓိက တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့အတွက် နယ်စပ်မြို့တွေကနေ မြန်မာတွေ ဝင်ရောက်လာတာကို ထိုင်းဘက်က တင်းကြပ်ပိတ်ပင် တားမြစ်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ  ထိခိုက်မှုရှိနေပါတယ်။   သတင်း- နေမျိုးထွဋ် (ရေး)
1 year Ago
Up