ကျောက်ပန်းတောင်း

November 21, 2021

ကျောက်ပန်းတောင်း ရေငံရွာသား ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ ကား ၂ စီးနှင့် ငွေကြေးများလုယူ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း၊ ရေငံရွာမှာ လေးတန်းကျောင်းသား တစ်ဦးအပါအဝင် ရွာသား ၁၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက် မနက် ၆ နာရီကျော်လောက် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက စာရင်းအတိအကျနဲ့ တစ်အိမ်တက်ဆင်း ဝင်ရောက်ဖမ်းဆီးသွားတာလို့ ကျေးရွာသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကိုကျော်သူ ဆိုတဲ့ ကားသမားအိမ်ကို အရင်ဝင်ဖမ်းတယ်။ အဲဒီကနေတဆင့် ရွာထဲ တယောက်ပြီး တယောက် ဝင်ဖမ်းတာပဲ။ အမှန်တော့ ကျနော်တို့ရွာက ခေတ်စကားနဲ့ ပြောရရင်တော့ ဒလန်ပေါ့။ ဒီတိုင်းပြောရရင်တော့ အစိမ်းတွေပေါ့၊ အစိမ်းတွေက အနီတွေကို တိုင်တဲ့ သဘောပါပဲ။” 

ကျေးရွာသားတွေကို ဖမ်းဆီးတဲ့အပြင် ဖမ်းဆီးခံရသူတစ်ဦး နေအိမ်ခြံဝင်းအတွင်းမှာ ရပ်ထားတဲ့ ခရီးသည်တင် ကားတစ်စီးနဲ့ လမ်းမှာ ရပ်ထားတဲ့ ဟိုင်းလပ်တံဆိပ်ပါ လူစီးကားတစ်စီးကိုလည်း စစ်ကောင်စီတပ်တွေက ယူဆောင်သွားကြောင်း၊ ဒါ့အပြင် ဝင်ရောက်ဖမ်းဆီးခံရသူတစ်ဦးရဲ့ နေအိမ်မှာ လူမရှိတာကြောင့် ပစ္စည်းတွေမွှေနှောက်ရှာဖွေပြီး ငွေ ၁၀ သိန်းကျော်ကိုလည်း ယူဆောင်သွားတယ်လို့ ဖြစ်စဉ်အနီးနေသူ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ကားတစ်စီးက တာချီလိတ်-ကျောက်ပန်းတောင်း ဆွဲတဲ့ကားပေါ့။ အဲဒါကို ယူသွားတာ။ ပြီးတော့ အဲဒီအိမ်ကို မီးရှို့ပစ်ကွာလို့လည်း ပြောတယ်။ ဒါပေမဲ့ ရှို့တော့ မရှို့သွားဘူး။” 

ဖမ်းဆီးခံရသူတွေဟာ ရွေးကောက်ပွဲကာလက NLD ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ ပါဝင်ခဲ့ဖူးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းနေထိုင်သူတွေ ဖြစ်တယ်လို့ အဲဒီကျေးရွာသားက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကိုနိုင်ထူး၊ ကိုမောင်မောင်၊ ကိုကျော်ဆန်းလင်း၊ ကိုအေးကို၊ ကိုဇော်၊ ကိုခင်မောင်သိန်း၊ ကိုဘိုအောင်၊ ကိုကျော်သူ၊ ကိုဇော်ဌေး၊ ကိုလင်းလင်း၊ မောင်နေလင်းနဲ့ ကိုထွန်းထွန်းနိုင်(ခ)ဂျပ်ပြားတို့ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဖမ်းဆီးခံသူတွေအားလုံးဟာ အသက် ၂၀ ကျော်ကနေ ၃၀ ကျော် အမျိုးသားအများစုဖြစ်ပြီး ခရီးသည်တင်ကားမောင်းသူ၊ ကျောင်းဆရာတို့ ပါဝင်ကာ မောင်နေလင်းက လေးတန်းကျောင်းသားဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရေငံရွာဟာ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက အိမ်ခြေ ၂၈၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။

1 week Ago

November 6, 2021

မိုင်တဲလ်တာဝါတိုင်တွင် ထောင်ထားသည့်ဗုံးကို သေနတ်ဖြင့်ပစ်ရာမှ စစ်ကောင်စီတပ်သား ၁၀ ဦး ခန့် ဒဏ်ရာရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ နိုဝင်ဘာလ ၅ ရက်နေ့မနက်ပိုင်းက မိုင်တဲလ် တာဝါတိုင်အား ထောင်ထားတဲ့ဗုံးကို သေနတ်နဲ့ပစ်ခတ်ဖောက်ခွဲရာ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် လေးတိုင်စင်မြင့်ရွာနားက မိုင်တဲလ်တာဝါတိုင်မှာ မနေ့မနက် ၉ နာရီလောက်က ထောင်ထားတဲ့ဗုံး ၂ လုံးကို နေရာရွှေပြီးတော့ သေနတ်နဲ့ ပစ်ခတ်ရာ ပေါက်ကွဲအားပြင်းထန်တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ဒဏ်ရာရှိသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

လေးတိုင်စစင်မြင့်ရွာနားက မိုင်တဲလ်တာဝါတိုင်ကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဗုံးထောင်ရမှာ အကြမ်းဖက်စစ်အုပ်စုတွေရောက်လာလို့ ဗုံးမခွဲလိုက်ရဘဲ ဆုတ်ခွာသွားကြတာလို့ ဆိုပါတယ်။

အဲဒီ မိုင်တဲလ်တာဝါတိုင်မှာ အိတ်အမဲနဲ့ထောင်ထားတဲ့ ဗုံးကို တာဝါတိုင်ထိမှာစိုးလို့ ဝါးလုံးနဲ့လှမ်းယူပြီး အနီးနားက ကန်ဘောင်မှာတင်ကာ သေနတ်နဲ့ဝိုင်းပစ်ရာ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ဒဏ်ရာရသလို အနီးနားကအိမ်တွေကို ဗုံးစတွေစင်ပေမယ့် ထိခိုက်တာမရှိဘူးလို့ပြောပါတယ်။

ဗုံးထိမှန်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ကိုတော့ မိထ္ထီလာဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပြီး သေသလား ရှင်သလားဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သွားတွေ ဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

4 weeks Ago
More News
Up