ကျောက်ထု PDF

September 14, 2022

ဆောမြို့တွင် ကင်းလှည့်လာသည့် ရဲ ၁ ဦးနဲ့ စစ်သား ၁ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ကျောက်ထုရဲစခန်းထဲက ကင်းပတ်ထွက်လာတဲ့ ရဲတယောက်နဲ့ စစ်ကောင်စီတပ်သားတယောက် ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ကျောက်ထု-PDF (YRPA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျောက်ထုရဲစခန်းထဲကနေ ဆိုင်ကယ်တစီးနဲ့ ကင်းပတ်ထွက်လာတဲ့ ရဲတယောက်နဲ့ စစ်(...)တယောက်ကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ ကျနော်တို့ ကျောက်ထု-PDF က ရဲဘော်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ ၂ ယောက်စလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ကျနော်တို့က သူတို့ဆီက လက်နက်ခဲယမ်းကို သိမ်းဆည်းနိုင်ဖို့ ကြိုးစားပေမဲ့ ရဲစခန်းနဲ့ နီးကပ်နေတာကြောင့် နောက်က စစ်ကူတွေလိုက်လာလို့ ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်ဆုတ်ခဲ့တယ်။”

ကျောက်ထုဒေသမှာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ ကျောက်ထု PDF (YRPA) ကနေ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

6 months Ago

July 25, 2022

ကျောက်ထုဒေသတွင် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ဆောမြို့နယ်ကျောက်ထုဒေသမှာ ဇူလိုင် ၂၃ ရက်နဲ့  ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောက်ထု-PDF(YRPA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ကျောက်ထု-PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ကျောက်ထုမြို့ဘက်ကနေ တပြင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၁၂၀ လောက်ဟာ ဇူလိုင် ၂၃ ရက် ညနေ ၅နာရီလောက်က တပြင်းရွာကို မရောက်ခင် ပုံညာအရောက်မှာ ကျောက်ထု-PDF ကထောင်ထားတဲ့ တိုက်မိုင်းအကြီး ၄ လုံး ဆက်တိုက်မိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDFရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးဒဏ်ရာရသူများပြားလို့ အဲဒီနေ့ ညနေပိုင်းမှာ  ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က  ဖောကားနဲ့ လာသယ်သွားတယ်လို့ သိရပြီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

“ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းက ပုံညာမှာ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁ နာရီလောက်ဖြစ်ပွားခဲ့တယ်။ ဒီနေ့တိုက်ပွဲမှာတော့ စစ်(...)တွေဘက်က သေဆုံး ထိခိုက်သူ အရေအတွက်ကို မသိရသလို ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူး”လို့ ဗိုလ်ရန်ရှင်းက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

8 months Ago
More News
Up